spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ရွာသားများအားဖမ်းဆီးသည့် ကရင်တပ်ဖွဲ့နှင့် မွန်ပြည်သစ်ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

    မွန်ရွာသားများအားဖမ်းဆီးသည့် ကရင်တပ်ဖွဲ့နှင့် မွန်ပြည်သစ်ထိတွေ့ပစ်ခတ်မှုဖြစ်ပွား

    -

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်ဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက်ရှိ ဘုရားတောင်အနီးတဝိုက်၌ မွန်ရွာသားများအား ဖမ်းဆီးသည့် ကရင်လက်နက်ကိုင်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ ယနေ့နံနက်တွင် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

    “ခြံကပြန်လာတဲ့လူတွေနဲ့ ရွာအပြင်မှာအလုပ်လုပ်တဲ့လူတွေကို ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းသွားတယ်၊ ကျနော်တို့သိရတာနဲ့ ရွာသားတွေကိုအန္တရယ်ပြုမှာစိုးလို့ အခြေအနေကို စောင့်ကြည့်နေတယ်၊ ဒီမနက်ဝင်ရှင်းတော့ နာရီဝက်လောက် ထိတွေ့မှုတွေဖြစ်ပေါ်ခဲ့တာပါ ” ဟု အမည်မဖော်လိုသော မွန်ပြည်သစ်ပါတီ အရာရှိက ဆိုသည်။

    မွန်ပြည်သစ်တပ်ဖွဲများသစ်တောဧရိယာအတွင်း လှည့်လည်စစ်ဆေးစဉ်(NMSP)

    ယမန်နေ့ ညနေပိုင်းအချိန်တွင် ရွာပြန်လာသော ခြံသမား ၂၇ ဦးကို ကရင်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်အတွက် မွန်ပြည်သစ်တပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းစဉ် ယနေ့နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စတင်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါ မွန်ပြည်သစ်အရာရှိတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယင်းပစ်ခတ်မှုတွင် မွန်ပြည်သစ်အရန်တပ်ဖွဲ့ဝင်တစ်ဦး ဘယ်ခြေမျက်စေ့၌ ရှပ်ထိဒဏ်ရာအနည်းငယ်(စိုးရိမ်စရာမရှိ)ရရှိခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ဖမ်းဆီးခံရသူအားလုံး ပြန်လည်လွတ်မြောက်လာကြောင်း မွန်ပြည်သစ်မှ သိရသည်။

    အဆိုပါဖြစ်စဉ်ကိုသိရှိရန် ထားဝယ်မြို့ ကရင်အမျိုးသားအစည်းအရုံး KNU ဆက်ဆံရေးရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမည့်သူ မရှိပေ။

    အလားတူ ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်း ရေဖြူမြို့နယ် ကမာချောင်းဖျား၌ ဖိုးတီခေါင်းဆောင်သော ကရင်လက်နက်ကိုင် သစ်ခိုးဂိုဏ်းအဖွဲ့ကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဝင်ရောက်ရှင်းလင်းပစ်ခတ်စဉ် အလုပ်သမားတဦးကို ဖမ်းဆီးရမိပြီး သစ်ခိုးဂိုဏ်းအဖွဲ့မှကျကျန်ခဲ့သည့် M-79 တစ်လက်နှင့် AK-47 တစ်လက် သိမ်းဆည်းရမိကြောင်း မွန်ပြည်သစ်သတင်းစဉ်က ဖော်ပြသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း စတင်းစက်၊ မြေထိုးစက်၊ သစ်ဆွဲဆင်များနှင့်အတူ သစ်လုပ်သားများပါဝင်သည့် သစ်ခိုးဂိုဏ်းတစ်ခုအား မွန်ပြည်သစ်တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကရင်လူမျိုး ၃၂ ယောက်ကို ဝန်ခံကတိဖြင့် KNU ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည့်သတင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

    ၁၉၉၅ နှင့် ၂၀၁၂ ခုနှစ်များတွင် အစိုးရနှင့်သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီ၏ တပ်တည်ဧရိယာများသတ်မှတ်ပေးထားပြီးဖြစ်သည့်အတွက် မွန်ပြည်သစ်က ၄င်း၏ထိန်းချုပ်နယ်မြေများတွင် သစ်ခုတ်ထုတ်လုပ်ခြင်းကိုလည်း တားမြစ်ပိတ်ပင်ထားသည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts