spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုးစစ်ဆင်မှုများကို အမြန်ဆုံးရပ်စဲပါလို့ မွန်ပြည်သစ်ဥက္ကဌတိုက်တွန်း

    ထိုးစစ်ဆင်မှုများကို အမြန်ဆုံးရပ်စဲပါလို့ မွန်ပြည်သစ်ဥက္ကဌတိုက်တွန်း

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ခေါင်းဆောင်များသဘောထားကြီးစွာဖြင့် ထိုးစစ်ဆင်မှုများကို အမြန်ဆုံးရပ်စဲပါလို့NCA လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် တိုက်တွန်းပြောကြားလိုက်သည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌက “တိုင်းရင်းသား သမိုင်းကြောင်းအတွေ့အကြုံအရ သံသယနဲ့စိုးရိမ်စိတ်တွေရှိနေပေမယ့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိကြပါတယ်၊ ပြည်တွင်းစစ်ဒဏ်ကို တကယ်နာကျင်ခံစားခဲ့ကြသူတွေ ခံစားနေရဆဲဖြစ်သူတွေမို့ စစ်ကိုရပ်စဲပြီး ငြိမ်းချမ်းရေးကို ခိုင်မြဲစေချင်ကြပါတယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန် မိန့်ခွန်းပြောကြားစဉ်(MNA)

    မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC-2 ၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကကျင်းပခဲ့ရာတွင် မွန်ပြည်သစ်ပါတီဥက္ကဌ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

    ၄င်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် အပစ်ခတ်ရပ်စဲရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးအရဖြေရှင်းနည်းသုံးမျိုးနဲ့ ရှုမြင်တတ်ကြပါတယ်။ တကယ်တော့ ဒီချဉ်းကပ်မှုသုံးမျိုးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပါပဲ။ ဒါကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးကို မျက်နှာစာ ၂ ရပ်ဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလို့ပဲ ရှုမြင်ကြည့်ပါတယ်” ဟု ဆိုသည်။

    အလားတူ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိတို့ပြည်သူတွေအတွက် ရေရှည်တည်တံ့ခိုင်မြဲမည့်၊ ညီညွှတ်သည့် ပြည်ထောင်စုကြီးကို တည်ဆောက် ထိန်းသိမ်းပေးနိုင်မည့် ဖက်ဒရယ်မျိုးဖြစ်ပါကြောင်း။ ယနေ့ ကမ္ဘာမှာ နိုင်ငံအားလုံးအတွက် အံဝင်ခွင်ကျဖြစ်စေမည့် တစ်ခုတည်းသော ဖက်ဒရယ်စနစ်မရှိပါကြောင်း။ သူ့နိုင်ငံ၊ သူ့သမိုင်း၊ သူ့လူ့အဖွဲ့အစည်းပေါ် မူတည်ပြီး လိုက်လျောညီထွေ ပြုပြင်တည်ဆောက်ကြရတာ ဖြစ်ပါကြောင်း။ အားလုံး ဝိုင်းဝန်း ဆွေးနွေးညှိနှိုင်းပြီး အနာဂတ်ပြည်ထောင်စု၏ ဖက်ဒရယ်ဒီဇိုင်းကို ရေးဆွဲကြရမည်ဖြစ်ကြောင်း အခမ်းအနားအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ရဲ့ နိုင်ငံထူထောင်ခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေ မျှော်မှန်းခဲ့ကြတဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတွေနဲ့ အခွင့်အရေး သာတူညီမျှရှိတဲ့၊ ဝါဒရေးရာ ဖြူစင်တဲ့ ပြည်ထောင်စုကြီး တည်ထောင်နိုင်ဖို့ အားလုံးသဘောတူ လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ကျွန်မတို့အားလုံး လက်တွဲပူးပေါင်း ကြိုးပမ်းကြဖို့ အချိန်တန်နေပါ ပြီ။ တိုင်းပြည်နာလှပြီဖြစ်သလို ကျွန်မတို့ ပြည်သူတွေလည်း မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တာ နှစ်ပေါင်း(၇၀)ကျော်လွန်ခဲ့ပါပြီ။ ဒါ့ကြောင့် အမျိုးသားညီညွတ်ရေး ရဲ့အစ နိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်း ပြောကြားလိုပါတယ်” ဟု ပြောသည်။

    အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်တို့ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

    ထိုနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်အကြီးအကဲများ၊ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် ပါတီထိပ်တန်းခေါင်းဆောင်များ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဌ ကြာခွန်ဆိုင်နှင့် ခေါင်းဆောင်များ NCA စာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။

    NCA လက်မှတ်ထိုးပြီးစာချုပ်အပြန်အလှန်လဲလှယ်စဉ်(သတင်းစဉ်)

    အသိသက်သေများအဖြစ် ပြည်တွင်းမှ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ UPDJC အဖွဲ့ဝင်များနှင့် အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း တွေ့ရှိရသည်။

    မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs ၂၀ ခန့်ရှိသည့်အနက် ယခုအခါ ၁၀ ဖွဲ့ NCA လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks