spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသြစတေးလျနိုင်ငံတွင် မွန်တိုင်းရင်းသားများဖိုရမ်ကျင်းပ

    သြစတေးလျနိုင်ငံတွင် မွန်တိုင်းရင်းသားများဖိုရမ်ကျင်းပ

    -

    သြစတေးလျနိုင်ငံ ကင်ဘာရာအခြေစိုက် သြစတေးလျအမျိုးသားတက္ကသိုလ် Australian National University မြန်မာသုတေသနဗဟိုဌာနတွင် မွန်တိုင်းရင်းသားတို့၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖိုရမ်တစ်ရပ်ကို ဇန်နဝါရီ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့ကြောင်းသိရသည်။

    ဖိုရမ်စီစဉ်ကျင်းပသူ သြစတေးလျနိုင်ငံမွန်အသင်း AMA ဥက္ကဌ နိုင်သီရိမွန်ချမ်းက “ကျနော်တို့မျှော်မှန်းတာထက် ပိုပြီးကောင်းမွန်တဲ့အချက်အလက်တွေ ရရှိခဲ့တယ်၊ ဒီနေ့မှာတော့ အင်္ဂလိပ်ဘာသာနဲ့ပဲ ဆွေးနွေးကြတယ်၊ နောက်နေ့တွေမှာဆိုရင် မွန်လိုပဲ အားပါးတရ ဆက်ပြီး ဆွေးနွေးကြမယ်“ ဟု ပြောသည်။

    သြစတေးလျနိုင်ငံမွန်အသင်း AMA ဥက္ကဌ နိုင်သီရိမွန်ချမ်း(MNA)

    The Mon in Myanmar – 2018 and Beyond ခေါင်းစဉ်ဖြင့်ပထမနေ့တွင် နိုင်ငံရေး၊ အမျိုးသားရေး၊ လူမှုရေး၊ စီးပွားရေး၊ မီဒီယာ၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်း စသည့် နယ်ပယ်အသီးသီးမှ ပညာရှင်နှင့် တက်ကြွလှုပ်ရှားသူ ပုဂ္ဂိုလ် ၁၂ ဦးတို့က ဟောပြောခြင်းနှင့် စာတမ်းများဖတ်ရှု တင်ပြ ဆွေးနွေးခဲ့ကြရာ တက်ရောက်သူ စုစုပေါင်း ၂၀ဝ ဦးဝန်းကျင်ခန့်ရှိသည်ဟု ၄င်းကဆိုသည်။

    ယနေ့စတင်ကျင်းပသည့်ဖိုရမ်တွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌနှင့် မွန်ပြည်သစ်ပါတီ NMSP ဒုဥက္ကဌ နိုင်ဟံသာ၊ သြစတေးလျမွန်အသင်း ဦးဆောင်ဖွဲ့စည်းခဲ့သူ နိုင်မောင်သောင်း၊ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ မွန်တိုင်းရင်းသားအရေးကျွမ်းကျင်သူ Ashley South, မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ဒါရိုက်တာနှင့် မွန်သတင်းအေဂျင်စီအယ်ဒီတာချုပ် နိုင်ကဆော့မွန်၊ မွန်အမျိုးသမီးခေါင်းဆောင် မိကွန်းချမ်းနွန်နှင့် နယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ဖိုရမ်အစီအစဉ်အရ သိရသည်။

    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖိုရမ်(MNA)

    အဆိုပါဖိုရမ်သို့ တက်ရောက်သူ မွန်အရှင်သီဟ(ဦးဇင်းချစ်)က “အားသာချက်အားနည်းချက်တွေရှိတာပေါ့၊ မြန်မာပြည်ဘက်ကလာတက်တဲ့လူတွေက အင်္ဂလိပ်စကားကောင်းကောင်းနားမလည်ကြတာများတော့ အခက်အခဲရှိတာပေါ့၊ အားသာချက်ကတော့ ဒီလိုဖိုရမ်မျိုးကျင်းပဖြစ်တာရယ်၊ မွန်ပြည်နယ်အတွင်းက ကိစ္စရပ်တော်တော်များများကို လေ့လာထားကြပြီးတော့ အမြင်ချင်းဖလှယ်နိုင်တာ၊ နယ်ပယ်အလိုက်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေရဲ့စာတမ်းကိုလည်း နားထောင်လေ့လာခွင့်ရတာ တော်တော်အကျိုးထူးပါတယ်”ဟု မိန့်ကြားသည်။

    ဖိုရမ်ကို ဇန်နဝါရီ ၂၅ ရက် နေ့လည်ပိုင်းအထိကျင်းပသွားမည်ဖြစ်ပြီး ကနေဒါ၊ အမေရိကန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံတို့မှ မွန်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ၊ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်း၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည့်အစီအစဉ်များပါဝင်သည်ဟု သိရသည်။

    အလားတူ ကရင်တိုင်းရင်းသားတို့ကလည်း The Karen in 2017: Resilience, Aspirations and Politics ခေါင်းစဉ်ဖြင့် ယမန်နှစ် ဇွန်လတွင် အဆိုပါ သြစတေးလျအမျိုးသားတက္ကသိုလ်၌ ဖိုရမ်တစ်ခုကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks