spot_img
Tuesday, February 10, 2026
More
    spot_img
    Homeဆောင်းပါးAEC ရှေ့ပြေး ထိုင်းဝက်တွေဝင်လာပြီ

    AEC ရှေ့ပြေး ထိုင်းဝက်တွေဝင်လာပြီ

    -

    မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်မှတဆင့် မွန်ပြည်နယ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလမှစတင်ပြီး မော်တော်ကားများဖြင့် တရားမဝင် တင်သွင်းလာသော ထိုင်းဝက်များကို တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။

    ထိုင်းနိုင်ငံမှဝက်များ တရားမဝင်တင်သွင်းလာသည့် မော်တော်ယာဉ် ၁၆ စီးဖမ်းဆီးရမိသည့်အနက် သယ်ဆောင်သူပိုင်ရှင်ဟု ယူဆရသူတစ်ဦးကိုသာ အရေးယူနိုင်ခဲ့ပြီး ကျန်သူများမှာ ယာဉ်တစ်ခေါက် ကျပ်ငါးသောင်းနှုန်းဖြင့် ငှားရမ်းလာသည့် ယာဉ်မောင်းသူများသာဖြစ်ကြသည်ဟု မီဒီယာအချို့က ဖော်ပြသည်။

    ဖမ်းဆီးရမိသော တရားမဝင်ထိုင်းဝက်များ(Facebook)

    ကရင်ပြည်နယ် ထိုင်းနယ်စပ်မှတဆင့် ဂိတ်ကြေး၊ တံတားကြေးများကို အလီလီပေးဆောင်ပြီး မွန်ပြည်နယ်ရောက်မှ ယင်းကဲ့သို့ဖမ်းဆီးခံရခြင်းအပြင် ဝက်များနှင့် မော်တော်ယာဉ်ကိုပါ သိမ်းဆည်း၍ ပစ္စည်းပိုင်ရှင်မဟုတ်သည့် ယာဉ်မောင်းတို့ကိုလည်း ထောင်ဒဏ်အသီးသီးချလိုက်ခြင်းက ထောက်ပြစရာများ ဖြစ်လာခဲ့သည်။

    အဆိုပါ ထိုင်းဝက်များကို မြန်မာပြည်ဘက်သို့ တင်သွင်းခွင့်မရှိကြောင်း၊ တည်ဆဲဥပဒေအရ တရားမဝင်မှောင်ခို ပစ္စည်းဖြစ်ပါကြောင်း၊ ဖမ်းဆီးမိပါက မည်ကဲ့သို့အရေးယူခံရပြီး ပြစ်ဒဏ်မည်မျှချမှတ်နိုင်ကြောင်း ဖြတ်သန်းလာခဲ့သည့် သက်ဆိုင်ရာ နယ်စပ်ဂိတ်၊ ပြည်တွင်းတံတားဂိတ်အသီးသီးမှ တာဝန်ကျအရာရှိများအနေဖြင့် ဥပဒေအသိပညာအားနည်းသော မိမိနိုင်ငံသားများအား စေတနာထားအသိပေးပြောကြားသင့်သည်။

    ထိုင်းနိုင်ငံ National Association of Pigs အသင်းက ဝက်သားဈေးနှုန်း တစ်ကီလို ဘတ် ၁၂၀ ပုံမှန်ဈေးသတ်မှတ်ထားခဲ့ရမှ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့မှစတင်၍ လစဉ် အင်္ဂလိပ် ၉-၁၉-၂၉ ရက်နေ့များတွင် တစ်ကီလို ၈၉ ဘတ်နှုန်းဖြင့် ဈေးနှုန်းလျော့ရောင်းချစေခဲ့သည်။

    National Association of Pigs

    အသက် ၈၉ နှစ်တွင် နတ်ရွာစံထိုင်းဘုရင် Rama 9 ၏ ကျေးဇူးဂုဏ်တော်ကို ရည်စူးသောအားဖြင့် ယင်းကဲ့သို့ ဈေးလျော့ရောင်းချသည်ဟုလည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ထိုင်းဘာသာဖြင့်ဖော်ပြသည့် www.Kasetkaoklai.com အင်တာနက်စာမျက်နှာတွင် ဖော်ပြထားမှုများကတဆင့် သိရသည်။

    လက်ရှိ ထိုင်းဘာသာဖြင့် หมูขุน မူခွန်အမျိုးအစား ဝက်မွေးမြူရာတွင် ကုန်ကျစရိတ်နည်းပါးပြီး ဈေးကွက်များအတွင်း ဈေးနှုန်းလျော့ချလာနိုင်သည်ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ်မှစတင်၍ ထိုင်း နိုင်ငံအနှံ့ဝက်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာခဲ့ကြပြီး အသားထုတ်လုပ်မည့် ဝက်များမွေးထုတ်နိုင်မည့် ဝက်မအကောင်ရေ ၁ သန်းခန့် နှစ်စဉ်ပျိုးထောင်ခဲ့သည်။

    ဝက်သားလိုအပ်ချက်ရှိသည့် တရုတ်နိုင်ငံသို့လည်း ထိုင်းဝက်များ တင်သွင်းနေသလို ပြည်တွင်း၌ ဝက်သားစားသုံးမှု ပိုမိုမြင့်မားလာရေးအတွက် အရောင်းမြှင့်တင်ရေးကိုလည်း ပြုလုပ်လျက်ရှိသည်။

    ထို့အတူ အာဆီယံစီးပွားရေးအသိုက်အဝန်း AEC အဖွဲ့ဝင်များဖြစ်လာမည့် အိမ်နီးချင်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီယား စသည့် အာဆီယံနိုင်ငံဘက်ဆီ်သို့ ထိုင်းဝက်များခြေဦးလှည့်လာတော့မည်လားဟု ပြောဆိုနေကြသည်။ယခု ၂၀၁၈ ခုနှစ်ကုန်ဆုံးသည်နှင့် AEC သဘောတူညီချက်များအတိုင်း မြန်မာနိုင်ငံ လိုက်နာကျင့်သုံးရတော့မည်ဖြစ်သည်။

    AEC အကောင်အထည်ဖော်ဆောင်သည့်အခါ အာဆီယံနိုင်ငံများဘအချင်းချင်း ကုန်စည်၊ ဝန်ဆောင်မှု၊ ငွေကြေးအရင်းအနှီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဝင်နိုင်ရန်နှင့် ယင်းသို့စီးဝင်နိုင်ရန် အကောက်ခွန်တို့ကိုလည်း ဖယ်ရှားပေးရမည်ဖြစ်သည်။

    အာဆီယံနိုင်ငံများကြား အကောက်ခွန်များကို သုညရာခိုင်နှုန်းအထိ လျော့ချရန် သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်များက သဘောတူထားကြပြီး ဖြစ်သည်။

    ၂၀ဝ၇ ခုနှစ် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သော ၁၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်အစိုးရလက်ထက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်(သမ္မတ(ငြိမ်း) က AEC Blue Print ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

    စာချုပ်အရ မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်ရမည်ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနောက်ကျသည့်အတွက် ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများနှင့်အတူ AEC အကောင်အထည်ဖော်ဆောင်ရန် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းအထိ အချိန်ဆွဲဆန့်ခွင့် ရရှိခဲ့သည်။

    ထို့ကြောင့် လာမည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် AEC သို့ဝင်ရောက်ရမည်ဖြစ်ရာ ထိုင်းနယ်စပ်မှဝက်များလည်း တရားဝင် တင်သွင်းခွင့်ရှိလာတော့မည်ဖြစ်သဖြင့် မွန်ပြည်နယ် ဝက်မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လက်ရှိအခြေအနေတွင် ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။

    လက်ရှိ မွန်ပြည်နယ်တွင် ပုံမှန်အားဖြင့် ဝက်သားလက်ကားပေါက်ဈေး တစ်ပိဿာ ၄၆၀ဝ ကျပ်ရှိသော်လည်း ထိုင်းဝက်သားပေါက်ဈေးမှာ တစ်ပိသာ ၃၈၀ဝ ကျပ်သာ ဈေးပေါက်နေသဖြင့် မော်လမြိုင်မြို့တဝိုက်ရှိ ဝက်မွေးမြူရေးခြံ ၅၀ ခန့်ရှိ ဝက်အကောင်ရေ ၁၅၀ဝခန့်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရောင်းထုတ်ရမည့် နေ့ရက်ရောက်ရှိသော်လည်း အဝယ်ဒိုင်များ လာရောက်ဝယ်ယူခြင်း မရှိခဲ့ပေ။

    ဤအတိုင်းသာ ဆက်လက်အရှုံးပေါ်နေမည်ဆိုလျင် မွန်ပြည်နယ်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင်များ လုပ်ငန်းရပ်တန့်ပစ်လိုက်ရသည့်အခြေအနေသို့ ဆိုက်ရောက်နိုင်ပြီး ထိုင်းမှဝက်သားများကိုပဲ ဝယ်စားရတော့မည် အနေအထားပင် ဖြစ်လာပေတော့မည်။

    ထို့ကြောင့် မွန်ပြည်နယ်အစိုးရအဖွဲ့၊ မွန်ကုန်သည်ကြီးများအသင်းနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အနေဖြင့် မိမိနိုင်ငံတွင်းသို့ ထိုးဖောက်ဝင်ရောက်လာတော့မည့် ထိုင်းဝက်ဈေးကွက်များအား မည်ကဲ့သို့ ယှဉ်ပြိုင်သွားမည်ကို အချိန်မီနည်းလမ်းရှာကြံ ကုစားသင့်ပြီဟုယူဆပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks