spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၌ ယခုလအတွင်း ရထားနှင့်ကားတိုက်မှု ၃ ကြိမ်ဖြစ်ပွား

    မွန်ပြည်နယ်၌ ယခုလအတွင်း ရထားနှင့်ကားတိုက်မှု ၃ ကြိမ်ဖြစ်ပွား

    -

    မွန်ပြည်နယ်တွင် ယခုဇန်နဝါရီလအတွင်း ရထားနှင့်ကား တိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်၊ ရထားပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးမောင်ဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဇန်နဝါရီလ ၈ ရက်နေ့က ပေါင်မြို့နယ် ကျွဲခြံတွင်၄င်း ၊ ၁၂ ရက်နေ့က သံဖြူဇရပ်မြို့နယ် ပင-ကရုပ္ပိဘူတာကြားတွင်၄င်း၊ ၁၄ ရက်နေ့တွင် ပင-သံဖြူဇရပ်ဘူတာကြားတွင်၄င်း ရထားနှင့်ကားတိုက်မှု ဖြစ်ပွားခဲ့သည်။

    ပင သံဖြူဇရပ်ဘူတာရုံကြား ရထားနှင့်ကားတိုက်မှု(FACEBOOK)

    “ရထားဥပဒေသတ်မှတ်ချက်အရ တစ်မိုင်အတွင်းမှာ ဂိတ် ၂ ခုထားလို့မရတဲ့အတွက် ကျေးရွာမှာရှိတဲ့ တရားမဝင် ဖြတ်လမ်းတွေမှာ တံခါးမထားတာပါ၊ ဒါပေမယ့် ပြည်သူတွေကို သတိပေးတဲ့အနေနဲ့ ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်ကိုလည်း တပ်ထားပါတယ်” ဟု ဦးမောင်ဇော်က ပြောသည်။

    မွန်ပြည်နယ်အတွင်း တရားမဝင် ရထားလမ်းဖြတ်ကူးသည့်လမ်းပေါင်း ၈၀ ကျော်ရှိနေသည့်အတွက် နှစ်စဉ် ရထားတိုက်မှု ရထားကြိတ်သည့်အမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ရထားလမ်းဖြတ်ကူးမည့် ပြည်သူများ ယာဉ်မောင်းများအနေဖြင့် အသက်အန္တရာယ်လုံခြုံမှုရှိရန်အတွက် သတိထားပြီးရထားလမ်းဖြတ်ကူးစေလိုကြောင်း မွန်ပြည်နယ်အစိုးရ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး
    ဦးထွန်းဌေးက ပြောသည်။

    “အခုလို၊ ခဏခဏ တိုက်တယ်ဆိုတာကလည်း ပြည်သူတွေသတိမထားတာလည်းပါတယ်၊ နောက်တစ်ခုက စည်းကမ်းလိုက်နာမှုပေါ့လေ၊ ပညာပေးတာလည်းပေးတာပေါ့၊ ရထားလမ်းဖြတ်ကူးတော့မယ်ဆို၊ သတိထား ပြီးဖြတ်ကူးမှ အန္တရာယ်ကင်းနိုင်မယ်” ဟု ဦးထွန်းဌေးက ဆိုသည်။

    ထို့အတူ ရထားလမ်းနှင့် ကာလမ်း ဆုံရာနေရာ ပြည်သူများ မဖြစ်မနေဖြတ်ကူးနေရသည့်လမ်းများတွင် အန္တရာယ်ကင်းရှင်းစေနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပြည်သူများပူးပေါင်းဆောင်ရွက်စေလိုကြောင်း မုဒုံမြို့နယ် ကလော့သော့ကျေးရွာနေ နိုင်ဆီနွန်က ပြောသည်။

    နိုင်ဆီနွန်က “ ရထားလာတဲ့အချိန်မှာ ပြည်သူ တွေကလည်း ဝိုင်းဝန်းတာဝန်ယူပြီး လမ်းဖြတ်ကူးတဲ့ယာဉ်တွေကိုဝိုင်းဝန်း တားဆီးပေးတာတွေ၊ နောက်တစ်ခုက အဲဒီလိုလုပ်ဖို့အတွက် သက်ဆိုင်ရာဌာနမှ ခွင့်ပြုပေးသင့်တယ်” ဟုပြောသည်။

    ရထားလမ်းဖြတ်ကူးသည့် တရားမဝင်ဂိတ်ပေါက်တွင် ဖြတ်ကူးသွားလာနေသည့်ပြည်သူများ၊ ယာဉ်များ ၊ စည်းကမ်းရှိစွာဖြတ်ကူးရန်၊ အန္တရာယ်ကင်းစေရန် မြန်မာ့မီးရထားနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်း စာစောင်များဖြန့်ဝေလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks