spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး အကောင်အထည်ဖော်သွားမည်

    မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး အကောင်အထည်ဖော်သွားမည်

    -

    ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပပြီးစီးသည့် မွန်နိုင်ငံရေးညီလာခံ Mon Political Conference မှ လာမည့် ၆ လအတွင်း မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော်သွားမည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    ညီလာခံကျင်းပရေးကော်မတီ ဥက္ကဌ အရှင်ဝရဝံသက “ဒီ ၆ လအတွင်းမှာ ပါတီဖွဲ့စည်းနိုင်ဖို့ရော ပါတီစည်းမျဉ်းဥပဒေတွေရော အပြီးလုပ်ဆောင်သွားမယ်၊ မွန်နိုင်ငံရေးပါတီတွေကိုလည်း ပါဝင်လာဖို့ တံခါးဖွင့်ထားတယ်” ဟု ဆိုသည်။

    မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ ၂၅၀ဝ သာသနာ့ဗိမာန်ဘုန်းတော်ကြီးကျောင်းတွင် နှစ်ရက်တာ ညီလာခံကျင်းပအပြီး မွန်ဘာသာဖြင့်ထုတ်ပြန်ချက်အရ မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီ ဖြစ်မြောက်ရေးအတွက် (၆) လအတွင်း ပါတီ၏ဖွဲ့စည်းပုံအခြေခံဥပဒေများရေးဆွဲအကောင်အထည်ဖော်မည့် အဖွဲ့အစည်း(ဝါ) ကော်မရှင်တစ်ရပ် ဖွဲ့စည်းရာတွင် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများ ဝိုင်းဝန်းပါဝင်ကြပါရန် ဤညီလာခံမှ အလေးအနက်တိုက်တွန်း နှိုးဆော်အပ်ပါကြောင်း ဖော်ပြထားသည်။

    ဆက်လက်၍ နိုင်ငံရေးသမားများနှင့် ပညာရှင်များ (၂၁) ဦး ပါဝင်သည့် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့ကို ဤညီလာခံမှ လုံးဝ တာဝန်လွှဲအပ်လိုက်ပါကြောင်း၊ စည်းမျဉ်းများရေးဆွဲပြီးပါက ညီလာခံတစ်ရပ်ကို (၆) လအတွင်း ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း၊ မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့အား အကြံဉာဏ်များပံ့ပိုးနိုင်မည့် ကြီးကြပ်ရေးအဖွဲ့ကို ရဟန်းသံဃာတော်နှင့် လူမှုရေးအဖွဲ့အစည်းခေါင်းဆောင် (၁၉) ဦးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    ညီလာခံပြောခွင့်ပုဂ္ဂိုလ် နိုင်စိုးအောင်က “ကျနော်တို့က ဒီ ၆ လအတွင်းမှာ မွန်အမျိုးသားကို ကိုယ်စားပြုတဲ့ပါတီတစ်ခုပေါ်ထွန်းရေးအတွက် တာဝန်ပေးလိုက်ပြီ၊ သူတို့က စည်းမျဉ်းဥပဒေတွေ ရေးဆွဲမယ်၊ တခြားသော နိုင်ငံရေးပါတီတွေစည်းရုံးမယ်၊ အဲဒီ ၆ လအတွင်းမှာ မွန်ပြည်သူတွေလက်ခံနိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထမ်းဆောင်သွားမယ်၊ ၆ လအတွင်းရုပ်လုံးပေါ်လာမယ်” ဟု ပြောသည်။

    မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့(Facebook)

    ညီလာခံမှ နိုင်ငံရေးသမားများနှင့် ပညာရှင်များ (၂၁) ဦး ပါဝင်သည့် မွန်တစ်မျိုးသားလုံး ကိုယ်စားပြုပါတီဖြစ်မြောက်ရေးအဖွဲ့အား ရွေးချယ်တာဝန်ပေးအပ်ရာတွင် မွန်ပြည်သစ်ပါတီဝင်ဟောင်းများ၊ ပြည်နယ်လွှတ်တော်အမတ်များ၊ AMDP နှင့် MNP ဗဟိုအလုပ်အမှုဆောင်ဟောင်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း CSO လှုပ်ရှားသူများ၊ စာပေယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် လူငယ်ခေါင်းဆောင်များ ပါဝင်ကြောင်း သိရသည်။

    သို့ရာတွင် အဆိုပါ မွန်နိုင်ငံရေးညီလာခံအား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP လေ့လာသူအဖြစ် တက်ရောက်သော်လည်း တရားဝင်ပါတီအဖြစ်ရပ်တည်လျက်ရှိသည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့မှ အသိအမှတ်ပြု တက်ရောက်ခြင်းမရှိပေ။

    မွန်တစ်မျိုးသားလုံးကိုယ်စားပြုပါတီဖြစ်မြောက်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် အဆိုပါညီလာခံသို့ မွန်လူထုလူတန်းစားအလွှာအသီးသီးမှကိုယ်စားပြုသည့် သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း (၈၀ဝ) ကျော် တက်ရောက်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks