Friday, March 13, 2026
More
    spot_img
    Homeသတင်းစပါးမစိုက်သည့်လယ်မြေကို စီးပွါးဖြစ်အုန်းပင်စိုက်ပျိုးရန် ထိုင်းကုမ္ပဏီငှားရမ်း

    စပါးမစိုက်သည့်လယ်မြေကို စီးပွါးဖြစ်အုန်းပင်စိုက်ပျိုးရန် ထိုင်းကုမ္ပဏီငှားရမ်း

    -

    မွန်ပြည်နုယ် ကျိုက်မရောမြို့နယ် ကော့စွယ်ရွာနှင့် တော်ပွန်တောင်ကွင်းကြားရှိ စပါးမစိုက်သည့်လယ်မြေ (ချန်လှပ်မြေ) ဧက ၁၅၀ ကျော်ကို မွန်ပြည်နယ်အစိုးရထံမှထိုင်းနိုင်ငံ Inno Farming ကုမ္မဏီငှားရမ်းပြီး စီးပွါးဖြစ်အုန်းပင်စမ်းသပ်စိုက်ပျိုးမည်ဟု ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးထံမှ သိရသည်။

    အဆိုပါ အုန်းမျိုးသည် ထိုင်းနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး တိမ်ကောနေသော လယ်မြေမှာသာ စိုက်ပျိုးရသည့်အတွက် အဆိုပါစပါးမစိုက်သည့်လယ်မြေနေရာကို ရွေးချယ်ငှားရမ်းပေးခဲ့ကြောင်း ဝန်ကြီးဦးထွန်းဋ္ဌေးက ပြောသည်။

    မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေး(MNA)
    ဝန်ကြီးက “ဒီမြေတွေကို ကျွန်တော်တို့ ရောင်းပေးလိုက်တာမဟုတ်ဘူး၊ ငှားပေးလိုက်တာပါ၊ သူက ဒီအုန်းပင်ကိုစိုက်ပျိုးလို့ အောင်မြင်လာရင် ဘေးမှာရှိတဲ့ အခြားမြေတွေမှာလည်း လိုက်လုပ်လို့ရအောင်ပါ၊ ဒီအတိိုင်း ဒေသခံတွေကို ပေးစိုက်လိုက်ရင် နည်းပညာ၊ အရင်းအနှီးလိုအပ်ချက်တွေ ရှိလာမှာလေ” ဟု ပြောသည်။

    အဆိုပါ အုန်းမျိုးသည် ၃ နှစ်သက်တမ်းမျိုးစေ့ဖြစ်သည့်အတွက် အောင်မြင်လာပါက နည်းစနစ်ယူ၍ ဆက်လက်စိုက်ပျိုးနိုင်သည့်အပြင် ယခုစမ်းသပ်စိုက်ပျိုးမည့် ဧက ၁၅ဝ ကျော်အတွက် သက်ဆိုင်သည့် ပိုင်ဆိုင်သူများအတွက် မြေနေရာချပေးသွားမည်ဟု ဝန်ကြီးဦးထွန်းဋ္ဌေးက ဆက်ပြောသည်။

    အထက်ပါငှားရမ်းပေးလိုက်သည့် မြေဧက ၁၅၀ ကျော်သည် ယခင်ကာလတွင် ဘဝသစ်စီမံကိန်းအတွက် လယ်ယာမြေများဝေငှချထားပေးခဲ့သော်လည်း စိုက်ပျိုးခြင်းမရှိခဲ့သည့် လယ်မြေများဖြစ်ကြောင်းဟု သူကဆိုသည်။

    ကော့စွယ်ရွာခံ နိုင်ဘသစ်က “ဒီလို ယူသွားတာ အလကား ယူသွားသလိုပဲ၊ တန်ရာတန်ကြေးလည်း မပေးဘူး၊ ဒီလိုယူတာလည်း တစ်ခွန်းမှ မပြောဘူး၊ အဲ့မြေကို မလုပ်ဖြစ်တာ ၁၀ နှစ်ဝန်းကျင်လောက်ပဲကြာသေးတယ်၊ စပါးစိုက်တာတွက်ချေမကိုက်လို့ ဒီအတိုင်းပစ်ထားရတာ” ဟု ပြောသည်။

    မိမိတို့အနေဖြင့် အသက်ကြီးပြီဖြစ်သည့်အတွက် မိမိဘိုးဘွားပိုင်မြေကို ပြန်ရယူလိုကြောင်း၊ မိမိတို့လယ်မြေများ ပြန်လည်ရရှိရေးအတွက် ပိုင်ဆိုင်သူများစုပေါင်း၍ မွန်ပြည်နယ်အစိုးရထံ စာတင်ပြသွားမည်ဖြစ်ကြောင်း နိုင်ဘသစ်က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks