spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရှမ်​းအမျိုးသားအဆင်​့အကြို​ လူထု​တွေ့ဆုံပွဲများကို တပ်မတော်မှ နှုတ်မိန့်ဖြင့်ဟန့်တား

    ရှမ်​းအမျိုးသားအဆင်​့အကြို​ လူထု​တွေ့ဆုံပွဲများကို တပ်မတော်မှ နှုတ်မိန့်ဖြင့်ဟန့်တား

    -

    ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံဆွေးနွေးပွဲများကို တပ်မတော်မှ နှုတ်မိန့်ဖြင့် ဝင်ရောက်ဟန့်တားနေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ယနေ့ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံ၊ တာချီလိတ်နှင့် လားရှိုးမြို့တို့တွင် ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုကျင်းပသည့် နေရာများသို့ ဒေသခံတပ်မတော်မှ စစ်ကားများဖြင့်ရောက်ရှိလာပြီး တားမြစ်ခဲ့သည်ဟု ဆိုသည်။

    ရှမ်​းအမျိုးသားအဆင်​့အကြို​ လူထု​တွေ့ဆုံပွဲတွင် တပ်မတော်အရာရှိတစ်ဦးအားတွေ့ရစဉ်(Sai Kyaw Nyunt Facebook)
    “ဘာအကြောင်းပြချက်မှမရှိဘူးဗျ၊ အထက်အမိန့်အရ လို့ပဲပြောတယ်၊ တားတယ်ဆိုရင်လည်း စာနဲ့ပေနဲ့လာတား၊ အဲဒါဆိုရင် ကျနော်တို့တစ်မျိုးစဉ်းစားမယ်ပေါ့ဗျာ၊ ဒါပေမယ့် အခုနှုတ်နဲ့ပဲလာတယ် အင်အားပြပြီးတော့ လာပြီးခြိမ်းခြောက်သလို ဖြစ်နေတယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။

    ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးမကျင်းပမီ ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လင်းခေးမြို့၌ ကျင်းပရန် UPDJC နှင့် JICM အစည်းအဝေးတွင်သဘောတူညီထားပြီးဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေး JICM တွင် တပ်မတော်ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တက်ရောက်အတည်ပြုထားသည့်ကိစ္စအား အထက်အမိန့်အရဆိုပြီး စစ်တိုင်းများက မည်သည့်အတွက်ကြောင့် လာရောက်တားမြစ်ရသည်ကို မိမိတို့နားမလည်ကြောင်း သူကဆိုသည်။

    ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ(ရှမ်းပြည်နယ်မြောက်ပိုင်း) အဖွဲ့ခေါင်းဆောင် စိုင်းသန်းမောင်က “ဒီနေ့လားရှိုးမှာ ကျနော်တို့အဖွဲ့ကျင်းပနေတယ် နေ့လည်ထမင်းစားချိန် ရောက်တော့ တပ်ကအကြောင်းကြားလာတယ် ရပ်ပေးဖို့ပေါ့၊ မရပ်ရင် တပ်ကအင်အားနဲ့လာရမယ်ပေါ့၊ မရပ်နိုင်ဘူး ဆွေးနွေးပွဲတော့ပြီးသွားပြီ အမေးအဖြေကဏ္ဍလောက်ပဲကျန်တယ်၊ ဒါနဲ့သူတို့(တပ်မတော်) ဝင်လာတယ် NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့အစည်းတွေပါလားမေးတော့ မပါဘူး၊ မပါဘူးဆိုရင် ဆက်လက်လုပ်ဆောင်သွားပါတဲ့၊ ဒါနဲ့ပြီးသွားတယ်” ဟု ပြောသည်။

    အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း ပင်လုံမြို့တွင်ကျင်းပခဲ့သည့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကိုလည်း စစ်ကား ၆ စီးအင်အားဖြင့် တပ်မတော်မှ ပထမအကြိမ်ဝင်ရောက် တားဆီးခဲ့သည်ဟု သိရသည်။

    “တပ်ကလာတားတာ ပင်လုံက ပြည်ထောင်စုနယ်မြေဖြစ်လို့တဲ့၊ တခြားမြို့မှာသွားလုပ်ပါတဲ့၊ ဒီနေ့ပင်လုံမှာ ပြန်စုတယ် ထပ်တားတယ်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့လူထုတွေ့ဆုံပွဲဆိုရင် ခွင့်ပြုတယ်၊ ဒီနေ့ပွဲမှာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပါတော့ လွှတ်တော်ကိုယ်စားလှယ်တွေ့ဆုံပွဲပုံစံလုပ်ပေးလိုက်တယ်၊ ဆိုင်းဘုတ်ပြောင်းခိုင်းတာ မပြောင်းနိုင်ဘူး” ဟု စိုင်းသန်းမောင်က ဆက်ပြောသည်။

    အဆိုပါ လူထုတွေ့ဆုံပွဲများကို ရှမ်းပြည်နယ်အပြင် ရှမ်းတိုင်းရင်းသားများနေထိုင်လျက်ရှိသည့် ကချင်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် စုစုပေါင်း ၁၅ နေရာခွဲ၍ ဒီဇင်ဘာ ၂၄ ရက်နေ့ နောက်ဆုံးထား ကျင်းပသွားမည်ဖြစ်သော်လည်း ရှမ်းလူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လင်းခေးမြို့တွင်ကျင်းပမည့်ရက် မသတ်မှတ်ရသေးဟု သိရသည်။

    ထို့အတူ လတ်တလော ကျင်းပနေသည့် ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲအတွက် အကြိုလူထုဆွေးနွေးပွဲတွေ ကျင်းပခွင့်အပေါ် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်အတွင်းမှာ အခြေစိုက်သည့် စစ်ဌာနချုပ်တွေအကြား သဘောထား ကွဲလွဲနေကြောင်း ဒီဇင်ဘာ ၂၀ ရက်နေ့ BBC မြန်မာပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts