မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် လည်ပတ်လျက်ရှိသည့် MCL ဘိလပ်မြေစက်ရုံကိစ္စနှင့်ပတ်သက်ပြီး SCG ကုမ္ပဏီနှင့်ဒေသခံများတို့ လာမည့် ဒီဇင်ဘာ ၂၄ ရက် နေ့လည် ၁ နာရီမှာ မော်လမြိုင်မြို့ ရာမညဟိုတယ်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပျားတောင်ဒေသခံဘက်မှ ရွာတစ်ရွာလျင် အဆုံးအဖြတ်ပေးနိုင်သည့် ဆရာတော်တစ်ပါး နှင့် ရွာသား ၅ ဦးစီ လာရောက်နိုင်ကြောင်း၊ SCG ဘက်မှလည်း တာဝန်ရှိသူသည့်အကြီးအကဲများ တက်ရောက်မည်ဟုလည်း ဆိုသည်။
ပျားတောင်ဒေသခံ နိုင်ရွှေဝင်းက “ကျွန်တော်တို့ တောင်းဆိုထားတဲ့ ၄ ချက်ကို သဘောတူမှ ကျွန်တော်တို့တွေ့ဆုံနိုင်မယ်၊ တွေ့ရင်လည်း တစ်ခါတည်း ပြောလို့ပြီးတဲ့ သူနဲ့ပဲ တွေ့ချင်တယ်လို့ ပြောထားတယ်၊ အဲ့ကြောင့် ပြီးခဲ့တဲ့ ၁၇ ရက်နေ့က တွေ့ဆုံဖို့ သူတို့ အကြောင်းပြန်လာတယ်” ဟု ပြောသည်။
ပျားတောင်ဒေသခံများ တောင်းဆိုထားသည့် ၄ ချက်မှာ (၁) ကျောက်မီးသွေးလောင်စာအစား အခြားနည်းဖြင့်လျှပ်စစ်ဓာတ်အား ထုတ်လပ်အသုံးပြုပေးရန်၊ (၂) မိုင်းကွဲသံကျယ်လွန်းသည့်အတွက် ခေတ်မှီသောစက်ကိုသာ များများအသုံးပြုပေးရန်၊ (၃) MCL ၏သင်္ဘော သွားလာမှုကြောင့် မြစ်ကမ်းအနီးရှိလယ်ယာမြေများ မပျက်စီးရန်အတွက် ကုန်းလမ်းကိုလည်း အသုံးပြုရန်၊ (၄) စက်ရုံကို ဥပဒေဘောင်အတွင်းသာ ဆက်လက်ဆောင်ရွက်သွားရန် တောင်းဆိုထားသည်ဟု ဆိုသည်။
အဆိုပါဒေသခံများနှင့်တွေ့ဆုံမည့်ပွဲသည် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL အနေဖြင့်မဟုတ်ဘဲ ထိုင်းဘိလပ်မြေကုမ္ပဏီ SCG အနေဖြင့်တွေ့ဆုံခြင်းဖြစ်ပြီး MCL နှင့်ပတ်သက်သော ဒေသခံများတောင်းဆိုမှု ၄ ချက်ကိုသာ ဆွေးနွေးသွားဖြစ်ကြောင်း သိရသည်။
ထို့အပြင် လွှတ်တော်မှာအတည်ပြုပြီးဖြစ်သော MCL ကျောက်မီးသွေးအသုံးပြုမှုနှင့် ပတ်သက်သည့်ကိစ္စ များကိုလည်း သဘာဝပတ်ဝန်းကျင်ကော်မတီအနေဖြင့် လွှတ်တော်တွင် ထပ်မံဆွေးနွေးသွားရန် ရှိကြောင်း မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဆိုသည်။
ဒေါက်တာခင်နိုင်ဦးက “MCL နဲ့ပတ်သက်ပြီး အခုကျွန်တော်တို့ EIA , SIA တွေကို တောင်းထားပြီးပြီး ကျွန်တော်တို့ကော်မတီအနေနဲ့ လေ့လာစိစစ်နေတုန်း” ဟု ပြောသည်။
SCG သည် ထိုင်းနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီ ၂၀၁၄ ခုနှစ်တွင် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသမှ ဘိလပ်မြေထုတ်လုပ်ရန် SCG မှ ၇၀% နှင့် Pacific Link Cement Industries မှ ၃၀% ဖြင့် အကျိုးတူပူး ပေါင်းကာ MCL အမည်သစ်ဖြင့် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။