နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ် ရပ်တန့်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေးအတွက် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်။
သို့သော် NCA စာချုပ်ကို လက်ခံသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိသကဲ့သို့ လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ရှိနေသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အတွင်းမှာပင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုက ကွဲပြား ခြားနားနေသည်။
မည်သို့ပင် ဆိုစေကာမူ NCA စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်နေပြီး ၂၁ ရာစုပင်လုံ ညီလာခံကို ကျင်းပ၍ အနာဂတ် ပြည်ထောင်စုနိုင်ငံ တစ်ခု တည်ထောင်နိုင်ရေး အဖြေရှာနေကြသည်။
လက်ရှိတွင် NCA စာချုပ်ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ်မြောက် ရေး ပါတီ(ALP )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးခဲ့သည်။
သို့သော် လက်နက်ကိုင် ၁၃ မှာမူ လက်မှတ်မထိုးနိုင်သေးပဲ ဖြစ်နေသည်။ ထိုအထဲတွင် ညီညွတ်သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ(FPNCC)ဟု ကွဲပြားနေ ပြန်သည်။
UNFC သည် NCA စာချုပ်ကို လက်ခံပြီး လက်မှတ်ထိုးနိုင်ရေး အဆိုပြုချက် ၉ ချက်ကို တင်ပြ၍ အစိုးရ၊ တပ်မတော်တို့ဖြင့် ဆွေးနွေးနေရာ သဘောတူညီမှု ရရှိပါက လက်မှတ် ထိုးသွားမည်ဆိုသော အုပ်စု ဖြစ်သည်။ သို့သော် ဆွေးနွေးမှုမှာ ၁၇ လ(၂ နှစ်နီးပါး)ကြာ လာသည့်တိုင် အဆင်မပြေသေးပဲ ဖြစ်နေကာ NCA မထိုးနိုင်ပဲ ဖြစ်နေ သည်။
UNFC တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ပါဝင်ကြသည်။
တဖက်ရှိ FPNCC ကမူ NCA မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးပဲ ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော FPNCC အနေဖြစ်သာ ဆွေးနွေးရန် ဆိုသော မူဝါဒကို ချမှတ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သွားနေသည်။
FPNCC တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ(SSPP)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရက္ခိုင့် တပ်မတော်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) တို့ ပါဝင်ကြသည်။
အဆိုပါ UNFC နှင့် FPNCC တို့၏ ရပ်တည်ချက်များသည် တူညီမှု မရှိဘဲ ကွဲပြားနေသည့်တိုင် အစိုးရ ၊ တပ်မတော် ကလည်း NCA လမ်းကြောင်းအတိုင်းသာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး FPNCC ကို အသိ အမှတ် မပြုနိုင်ကြောင်း ရပ်တည်ထားကြောင့် အဖြေရှာ မရဘဲ ဖြစ်နေသည်။
ဤသို့ ဖြစ်တည်နေသော မြန်မာ့ငြိမ်းချမ်းရေးသည် လူထုအတွက် မျက်လှည့်ပြပွဲသဖွယ် ဖြစ်နေပြီး မူလ အစ ကပင် ငြိမ်းချမ်းရေး တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီးအပေါ် သေသေချချာ သိရှိ နားလည်မှု မရှိသော လူထုအတွက် ပို၍ ဆိုးဝါးသွားစေသည်။
NCA လက်မှတ်ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ သွားနေသော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် ကောင်းမွန်သည်ဟု ယေဘုယျအားဖြင့် မြင်နိုင်သော်လည်း အားလုံး ပါဝင်သော အခင်း အကျင်း မဖြစ်သေးသည့်အတွက် သဘောတူညီချက်များ မည်မျှပင် ရရှိနေစေကာမူ အားလုံးကို ကိုယ်စားပြု နိုင်ခြင်း ရှိ/မရှိ မရှင်းလင်းပေ။
ဥပမာအားဖြင့် ၂၀၁၇ ခုနှစ်၊မေ ၂၄ ရက်မှ ၂၉ ရက်ထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ညီလာခံတွင် ပြည် ထောင်စု သဘောတူညီချက် အစိတ်အပိုင်း(၁)ဟုဆိုကာ အချက် ၃၇ ချက်ကို NCA ထိုးထားသော လက်နက် ကိုင် ၈ ဖွဲ့ (၈ ဖွဲ့မှာပင် RCSS က သဘောမတူ)နှင့် အစိုးရ၊ တပ်မတော်တို့ လက်မှတ်ထိုးခဲ့ရာ အားလုံးကို လွှမ်း ခြုံနိုင်သော သဘောတူညီချက် မဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။
တဖက်ရှိ UNFC နှင့် အစိုးရကြား NCA ထိုးနိုင်ရေး ဆွေးနွေးနေသော အခြေအနေကို ကြည့်ပြန်သည့်အခါမှာ လည်း အဆိုပြုချက် ၉ ချက်ကိုဆွေးနွေးလာသည်မှာ ၁၇ လ(၂ နှစ်နီးပါး) ကြာသည်တိုင် သဘောတူညီမှု မရသေးခြင်းက လူထုအတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်က UNFC ၏ ထုတ်ပြန်ချက်တွင် သဘောတူညီချက်များ ရယူနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဖြင့်သာ တွေ့ဆုံ ဆွေးနွေးသွားမည်ဟု ဆိုထားသည်။
ထိုသို့ဆိုလျှင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(DPN)နှင့် ငြိမ်းချမ်းရေးကော်မရှင်(PC) တို့ကြား ၁၇ လကြာ ဆွေးနွေးမှုက အဖြေရှာ မပေးနိုင်ခြင်းကြောင့် အဆုံးသတ်သွားသည်ဟု မှတ်ယူနိုင်ပြီး နောက်ဆုံး အဆင့်အနေဖြင့် UNFC က ထိပ်သီး ခေါင်းဆောင်များနှင့် အစိုးရ၊ တပ်မတော်က ထိပ်သီး ခေါင်းဆောင်တို့ တွေ့ဆုံ ဆွေးနွေး၍ အဖြေရှာရတော့မည်။
DPN နှင့် PC အကြား သဘောတူညီချက် မရယူနိုင်ခြင်းက တပ်မတော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရ လက်ထက်တွင် UNFC အဖွဲ့ဝင်များ NCA လက်မှတ် ရေးထိုးလာမည်ကို မလိုလားခြင်းကြောင့် အချိန်ဆွဲနေခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေမှုများလည်း ရှိသည်။
အဘယ်ကြောင့်ဆိုသော NLD အစိုးရ လက်ထက်တွင် UNFC လက်မှတ်ထိုးလာနိုင်ပါက လူထု ထောက်ခံမှု ရရှိ လာမည်ဖြစ်သကဲ့သို့ NLD ပါတီ၊ အစိုးရနှင့် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ၂၀ဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များ အားကောင်းလာမည်ကို မလိုလားခြင်းကြောင့်လား သို့မ ဟုတ် ၎င်းတို့ လက်ထက်ကျမှ NCA လက်မှတ်ထိုးလာအောင် ဆောင်ရွက်၍ လူထုထောက်ခံမှုကို ရယူရန် ပြင်ဆင် ထားခြင်းကြောင့်လား စသည့် ယူဆမှုများလည်း ရှိသည်။
UNFC ၏ အဆိုပြုချက် ၉ ချက်အနက် လက်ရှိ ပိတ်ဆို့နေသော အချက်မှာ နံပါတ် ၂ ဖြစ်သည်။ထို နံပါတ် ၂ အချက်သည် DPN နှင့် PC တို့ ဆွေးနွေးပွဲ အစောပိုင်း ကာလကပင် သဘောတူညီမှု ရယူထားနိုင်ခဲ့သော အချက်ဖြစ်ရာ မည်သည့် အတွက်ကြောင့် ယခုမှ သဘောတူညီမှု မရသေးဘဲ နောက်ဆုံး ပိတ်ဆို့နေသည့် အချက်အဖြစ် အခင်းအကျင်း တရပ် ပြောင်းသွားရပါသနည်း။
အလားတူ FPNCC မည်သည့်အတွက်ကြောင့် ပေါ်ပေါက်လာရသနည်းနှင့် မည်သည့်အတွက်ကြောင့် NCA ကို လက်ခံထားသော အဖွဲ့များ(UWSA နဲ့ NDAA ကလွဲ၍)က လက်မခံသည့် အခြေအနေသို့ ရောက်သွားရ သနည်း ဆိုသည့် အပေါ် လူထုမှ နားမလည် ဖြစ်နေသည်။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်အတွင်းက ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA၊ TNLA၊ MNDAA၊ AA တို့နှင့် တပ်မတော်ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ခြင်း ကြောင့် တောင်းတင့်သော မဟာမိတ်တရပ် ဖွဲ့စည်းရန် တွန်းအား ပေးသလို ဖြစ်သွားခြင်းကြောင့် FPNCC ပေါ် ပေါက်လာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှု တချို ့ရှိကြသည်။
အလားတူ KIA သည် NCA လက်မှတ်ထိုးရန် အဆင်သင့် မဖြစ်သေးသည့်အတွက် နည်းလမ်း တမျိုးရှာဖွေရန် အတွက် FPNCC ဖြင့် ပူးပေါင်း သွားခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်မှု ရှိကြပြန်သည်။
တချို ့သော သတင်း ရင်းမြစ်များကမူ KIA အနေဖြင့် UNFC ကတဆင့် NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ၁ နှစ်ကျော် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု မရခြင်းကြောင့် နည်းလမ်း တမျိုးရှာဖွေရန် စဉ်းစား၍ FPNCC ဖြင့် ပူးပေါင်း သွားရခြင်း ဖြစ်ကြောင်းဆိုသည်။
ထိုအထဲမှ SSPP သည်လည်း FPNCC အဖွဲ့ဝင်များဖြင့် နယ်နိမိတ် ထိစပ်နေခြင်းနှင့် စစ်ရေး အာမခံချက် ပိုမို ဖြစ်တည်နေခြင်းကြောင့် UNFC အဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ကာ FPNCC အဖွဲ့ဝင်အဖြစ် ပူးပေါင်း သွားရခြင်း ဖြစ် နိုင်သည်ဟု SSPP နှင့် နီးစပ်သူ တဦးက ပြောသည်။
သို့သော် FPNCC သည် စစ်ရေး မဟာမိတ်အဖွဲ့ မဟုတ်ပဲ နိုင်ငံရေး မဟာမိတ်အဖြစ်သာ စုစည်း၍ ဖွဲ့စည်းထား သော ကော်မတီ တရပ်ဖြစ်ပြီး စစ်ရေးမဟာမိတ်မှာ FPNCC အဖွဲ့ဝင်များဖြစ်သော KIA၊ MNDAA၊ TNLA၊ AA တို့ သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ NCA ကို လက်မခံကြောင်းနှင့် လက်မှတ်မထိုးဟု ဆိုသော မူလကတည်းက ရပ်တည် လာသော အဖွဲ့မှာ UWSA နှင့် NDAA တို့သာဖြစ်သည်။ KIA၊ TNLA၊ AA၊ MNDAA၊ SSPP တို့မှာမူ NCA ကို လက်ခံ ဆွေးနွေးခဲ့သော အဖွဲ့များ ဖြစ်ပြီး TNLA၊ MNDAA၊ AA တို့မှာ ပါဝင်ခွင့်ရရှိရေး UNFC မှတဆင့် ကြိုးပမ်း ခဲ့ကြသေးသည်။
သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်က တနိုင်ငံလုံးသို့ ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးနောက် ၂၀၁၃ တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့ ပါဝင်သော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(NCCT)ကို KIA ဌာနချုပ် လိုင်ဇာမှာ ကျင်းပသော တိုင်းရင်းသား ညီလာခံက တဆင့် ဖွဲ့စည်းခဲ့သည်။
ထို NCCT ကို KIA က ဥက္ကဌအဖြစ် တာဝန်ယူကာ အစိုးရ၊တပ်မတော်တို့ဖြင့် ဆွေးနွေးခဲ့ပြီး NCA မူကြမ်းကို ရေးဆွဲခဲ့ကြရာ ၂၀၁၅ ခုနှစ်၊မတ် ၃၁ ရက်မှာ သဘောတူ လက်မှတ်ထိုးခဲ့သည်။
ထို့နောက် ၂၀၁၅ ခုနှစ်၊ ဇွန်လမှာ KNU ဌာနချုပ် လော်ခီးလားတွင် လက်နက်ကိုင်အဖွဲ့များ ညီလာခံ တရပ် ကျင်းပ၍ NCA မူကြမ်းကို ပြန်လည် သုံးသပ်ခဲ့ကြပြီး ပြင်ဆင်ချက် ၁၃ ချက် ထွက်ပေါ်လာခဲ့ကာ NCCT ထက် လုပ်ပိုင်ခွင့်ရှိသော အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)ကို ဖွဲ့စည်းကာ တဖန် ဆွေးနွေးခဲ့ကြသည်။
အစိုးရသည် SD အဖွဲ့ကို အသိအမှတ် ပြုခဲ့သလို ပြင်ဆင်ချက် ၁၃ ချက်ကိုလည်း အသိအမှတ်ပြုကာ SD ကိုယ်စားလှယ်အဖွဲ့နှင့် UPWC တို့ ထပ်မံ ဆွေးနွေးခဲ့ကြရာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၌ NCA မူကြမ်း ပြင်ဆင် ချက် ၁၃ ချက်အနက် အားလုံးပါဝင် လက်မှတ်ထိုးခွင့်ပြုရေး (မည်သည့်အဖွဲ့များကို လက်မှတ် ထိုးခွင့် ပြုမည် နည်း)ဆိုသော အချက်မှလွဲ၍ ကျန်အချက်များ အားလုံး သဘောတူညီမှု ရယူခဲ့ကြသည်။
ဆိုလိုသည်မှာ NCA စာချုပ် စာတင် ဆွေးနွေးခဲ့ရာမှ မူချောရသည်အထိ KIA၊ TNLA၊ AA၊ MNDAA၊ SSPP တို့ သည် NCA ကို လက်ခံကြသော အဖွဲ့များဖြစ်ပြီး လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးခဲ့ကြသည်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထပ်တွင် တပ်မတော်က TNLA၊ AA၊ MNDAA တို့ကို လက်မှတ်ထိုးခွင့် မပြုနိုင် ကြောင်း၊ လက်နက်စွန့်မှ ပါဝင်ခွင့် ပြုမည်ဖြစ်ကြောင်း သဘောထား ရပ်တည်ခဲ့ခြင်းကြောင့် လက်မှတ်မထိုး နိုင်ဘဲ ဖြစ်ခဲ့သည်။
သို့သော် KIA သည် UNFC ဥက္ကဌ တာဝန်ကို ရယူ၍ ဦးသိန်းစိန် အစိုးရလက်ထပ်မှာ TNLA၊ AA၊ MNDAA တို့ NCA ထိုးခွင့်ရရေး(အားလုံးပါဝင်လက်မှတ်ထိုးခွင့်ပြုရေး) ဆွေးနွေးခဲ့သည်။ထို့နောက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ၍ အစိုးရဖြစ်လာသော သမ္မတဦးထင်ကျော် အစိုးရ တက်လာသည့်တိုင် အစိုးရ၊ တပ်မတော် တို့ဖြင့် ၁ နှစ်ကျော်ကြာ ဆွေးနွေးမှု ပြုလုပ်ခဲ့သေးပြီး အဆင်မပြေသည့်နောက် ၂၀၁၇ ခုနှစ်၊မေလမှာ UNFC က နှုတ်ထွက်သွားကာ FPNCC ဖြင့် ပူးပေါင်းသွားခဲ့သည်။
UNFC အဖွဲ့ဝင် ဖြစ်သော TNLA၊ MNDAA၊ SSPP တို့သည်လည်း ၂၀၁၇ ခုနှစ်အတွင်းမှာပဲ အဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ခဲ့သလို AA ကမူ အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကို ရပ်ဆိုင်းခဲ့သည်။
လက်ရှိ FPNCC တွင် UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့ ပါဝင်ကြပြီး NCA ကို လက်ခံ၍ ဆွေးနွေးခဲ့သော အဖွဲ့များသည် ယခု NCA ကို လက်မှတ် မထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့ချင်း မဆွေးနွေးပဲ FPNCC အနေဖြင့်သာ ဆွေးနွေးရန် ဆိုသော မူဝါဒ ချမှတ်မှုထဲမှာ ပူးပေါင်း နေပြီး ဖြစ်သည်။
အစိုးရနှင့် တပ်မတော်ကမူ NCA လမ်းကြောင်း အတိုင်းသာ သွားမည်ဖြစ်ကြောင်းနှင့် FPNCC ကို လက်မခံ ကြောင်း သဘောတူ ရပ်တည်နေခြင်းကြောင့် FPNCC နှင့် အစိုးရ၊ တပ်မတော်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေး မှုက ရပ်တန့်နေသည်။
တဖက်ရှိ UNFC နှင့် အစိုးရ၊တပ်မတော်တို့ကြား NCA ထိုးနိုင်ရေး ဆွေးနွေးမှုက ရပ်တန့်ခြင်းမရှိသော်လည်း ၁၇ လ ကြာလာသည့်တိုင် သဘောတူညီမှု ရယူနိုင်ခြင်း မရှိသေးသည့်အတွက် မြန်မာ့ ငြိမ်းချမ်းရေးသည် လူထု အတွက် မျက်လှည့် ပြပွဲ သဖွယ် ဖြစ်လာစေခဲ့သည်။
ထို့ကြောင့် လက်ရှိ ဖြစ်တည်နေသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများသည် ရိုးသားရန် လိုအပ်သကဲ့သို့ ပွင့်လင်း မြင်သာသော စေ့စပ် ညှိနှိုင်းမှုများ ဖြစ်ရန် အရေးကြီးလှသည်။ မရိုးသားသော စေ့စပ်ညှိနှိုင်းနှင့် မြန်မာ့ ငြိမ်းချမ်း ရေးကို လျှောက်လှမ်း မည်ဆိုလျှင် မြန်မာနိုင်ငံသူ/သားများ မျှော်လင့် တောင်းတနေသော ငြိမ်းချမ်းရေးမှာ ဝေးနေအုံးမည်။