Friday, March 13, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြုပြင်ပြီး ကောင်းမွန်သည့်ဆွေးနွေးပွဲဖြစ်အောင် ကြိုးစားနေဟု ခွန်ဥက္ကာပြော

    နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပြုပြင်ပြီး ကောင်းမွန်သည့်ဆွေးနွေးပွဲဖြစ်အောင် ကြိုးစားနေဟု ခွန်ဥက္ကာပြော

    -

    နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အား အခါအားလျော်စွာ ပြင်ဆင်၍ ပိုမိုကောင်းမွန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်အောင် ကြိုးစားနေသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(Peace Process Steering Team- PPST) အဖွဲ့ဝင်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုသည်။

    တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ကြီးမှူး၍ ဒီဇင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ ဂရင်းဟေးလ်ဟိုတယ်၌ ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသူတစ် ဦးက မေးခွန်းမေးမြန်းသည်ကို ခွန်ဥက္ကာက ပြန်လည် ဖြေဆိုခြင်းဖြစ်သည်။

    ငြိမ်းချမ်းရေးဖိုရမ်(MNA)
    “နိုင်ငံရေးအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မပြည့်စုံဘူးပြောတာက ပြီးပြည့်စုံတဲ့ဟာတော့ မရှိပါဘူး။နောက်ပြီး ကျွန်တော်တို့ တိုင်းပြည်မှာ မလုပ်ဖူးတဲ့အလုပ်ပါ။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲက အကောင်းဆုံးဖြစ် အောင်တော့ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်တော့မှ ပြီးပြည့်စုံတာ မရှိပါဘူး။ ဒါကြောင့် အကောင်းဆုံး ကြိုးစားနေ တဲ့နေရာမှာ လိုအပ်ချက်တွေရှိမယ်။ ရှိတဲ့အတွက်လည်းပဲ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြင်နေရ တယ်။ အခုဆိုရင် ကျွန်တော်တို့ နောက်ဆုံးမူဘောင်ကို ပြင်နေပြီ။ အရင်ဆွေးနွေးပွဲတွေရဲ့ အားနည်းချက်၊ အားသာချက်ကို ကြည့်ပြီးတော့ ဒီဆွေးနွေးပွဲတွေကို လမ်းညွှန်ထားတဲ့မူဘောင်က ပြင်ဖို့လိုရင် အခါအားလျော် စွာ ပြင်ပြီးတော့ ပိုကောင်းမွန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင် ကြိုးစားနေတာ ရှိပါတယ်” ဟု ခွန်ဥက္ကာက ဆိုသည်။

    အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ဦးဆောင်ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ မြန်မာငြိမ်းချမ်း ရေးနှင့် လုံခြုံရေးသိပ္ပံကျောင်း၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတို့က ဆွေးနွေးခဲ့ကြသည်။

    ထိုဆွေးပွဲတွင် ရဲဘော်မျိုးဝင်းက နိုင်ငံရေးဆွေးနွေးပွဲကို လူမျိုးအလိုက်နိုင်ငံရေးဆွေးနွေးပွဲ၊ ဒေသအလိုက်နိုင်ငံ ရေးဆွေးနွေးပွဲ၊ အကြောင်းအရာအလိုက် နိုင်ငံရေးဆွေးနွေးပွဲဟူ၍ ပုံစံသုံးမျိုးဖြင့် ဆွေးနွေးနေပြီး ယင်းနိုင်ငံရေး ဆွေးနွေးပွဲများမှာ ပြီးပြည့်စုံမှုမရှိကြောင်း ဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးချက်အပေါ် တက်ရောက်လာသူတစ်ဦး က အခြားနည်းလမ်းရှိသလားဟု မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

    ယင်းမေးခွန်းအပေါ် ဒေါ်ခင်မမမျိုးကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အားကောင်းအောင် စနစ် တကျ လုပ်ဆောင်ရန်၊ စီမံခန့်ခွဲမှု ပိုမိုလုပ်ဆောင်ရန်စသည့်အချက်များကို အကြံပြုဆွေးနွေးသည်။

    “ဆရာမ အကြံပေးသွားတာ အင်မတန်မှ ကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့ပြဿနာအရမ်းကြီးတယ်။ နိုင်ငံ ရေး ပရိုဂရမ်ဖြစ်နေလို့ပါ။ သင်တန်းတစ်ခု၊ NGO တစ်ခု ပရိုဂရမ်လုပ်ရသလို မလွယ်ပါဘူး။ ဆရာမပြောသလို ပင်လုံညီလာခံပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ Planning ကျွန်တော်တို့မှာ ရှိပြီးသားပါ။ Process menage ကိုလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ လုပ်မယ်လို့လည်း အတွင်းရေးမှူးအဖွဲ့က ဆုံးဖြတ်ထားပြီးသား။ ဒါပေမဲ့ လက်တွေ့လုပ်လို့မရဘူး။ မထင်မှတ်တဲ့ နိုင်ငံရေးကိစ္စရပ်တွေ အများကြီး ပေါ်လာလို့ပါ” ဟု ရဲဘော်မျိုးဝင်းက ပြန်လည်ဆွေးနွေးသည်။

    တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (CDES) မှ ကြီးမှူး၍ ယခုကဲ့သို့ ငြိမ်းချမ်းရေးဖိုရမ် များကို တိုင်းနှင့်ပြည်နယ်များတွင် အကြိမ် ၂၀ ခန့် ပြုလုပ်ပြီးဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks