spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုမိုကောင်းမွန်စေရေးတိုက်တွန်းကြောင်းအဆို ကန့်ကွက်မဲဖြင့်ရှုံးနိမ့်

    မွန်အစိုးရအဖွဲ့ အုပ်ချုပ်ရေးပိုမိုကောင်းမွန်စေရေးတိုက်တွန်းကြောင်းအဆို ကန့်ကွက်မဲဖြင့်ရှုံးနိမ့်

    -

    မွန်ပြည်နယ် အစိုးရအဖွဲ့မှ အုပ်ချူပ်ရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုကောင်းမွန်စေရေး အားစိုက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုအား မဲခွဲဆုံးဖြတ်မှုအရ ကန့်ကွက်မဲဖြင့် ရှုံးနိမ့်ကြောင်း သိရသည်။

    ယင်းအဆိုကို ဒီဇင်ဘာ ၆ ရက် လွှတ်တော်အစည်းအဝေး တတိယနေ့မှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူမှ တင်သွင်းပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ အဆိုအား လွှတ်တော်ကိုယ်စားလှယ် (၅) က ထောက်ခံဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၉) မဲ၊ ပယ်မဲ (၁) မဲနှင့် ကန့်ကွက်မဲ (၁၉) မဲတို့နှင့် အတည်မပြုဖြစ်ကြောင်း သိရသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မဲပေးနေစဉ်(မွန်လွှတ်တော်)

    ၎င်းအဆိုကို ကန့်ကွက်ဆွေးနွေးခဲ့သည့် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ဒီအဆိုကို တင်ပြဖို့ သင့်မသင့် ဒါကို ဥက္ကဋ္ဌအနေနဲ့ စဉ်းစားဆင်ခြင်သင့်ပါတယ်၊ ဒီအဆိုတင်သွင်းလာပြီး အစိုးရက အတည်ပြုပြီးမှ အုပ်ချုပ်ရေးအားပိုမိုကောင်းမွန်ဖို့ လုပ်ရမယ်မဟုတ်ဘူး၊ အမြဲတမ်း အားစိုက်ဆောင်ရွက်နေလျက်ပါ၊ ဒီအဆိုကြောင့် အစိုးရနဲ့လွှတ်တော်ကြား သဘောထားကွဲလွဲနေတယ်လို့ ပြည်သူတွေမြင်နိုင်လို့ ဒီအဆိုကို ဆိုင်းငံ့ပေးပါလို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

    ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းတို့မှ အနည်းကျဉ်းသောမကောင်းသည့်သူအချို့တို့ကြောင့် ကျန်သူများအား ထိခိုက်စေနိုင်သည့်ကိစ္စမျိုး မလုပ်သင့်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် လွှတ်တော်မှ အတည်ပြုထားပြီးသော အဆိုများ၊ ကတိကဝတ်ထားသော ကိစ္စရပ်များကို အတတ်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အကောင်ထည်ဖော်ရန် ဘတ်ဂျက်ငွေအခက်အခဲ (သို့) အခြေအနေအခက်အခဲကြောင့် အချို့သော ကိစ္စရပ်များ အနည်းငယ် ကြန့်ကြာနေရသည်ဟု ဝန်ကြီးချုပ်က ဆက်ပြောသည်။

    အဆိုတင်သွင်းသူ ဦးအောင်ကျော်သူက “ယခုအစိုးရသစ်ရဲ့အခြေအနေသည် ရထားရဲ့ခေါင်းအတွဲကိုသာ ပြောင်းလဲလိုက်ပြီး အနောက်တွဲအဟောင်းတွေ အစုတ်တွေနဲ့ ကျန်နေတာတွေ့ရပါတယ်၊ အစိုးရရဲ့ မူဝါဒတွေကောင်းမွန်စေရေး ဒီမူဝါဒတွေကို အကောင်ထည်ဖော်ဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာဋ္ဌာနတွေအနေနဲ့ အစိုးရရဲ့ပုံရိပ်ကော၊ အစိုးရရဲ့မူဝါဒနှင့် ဆန့်ကျင်ပြီး ပြုလုပ်နေတဲ့ လုပ်ဆောင်ချက်တွေကို အစိုးရအဖွဲ့တွေက ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည်သူရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်”ဟု ပြောသည်။

    တိုင်းကြားစာကော်မတီ သက်တမ်း ၂ နှစ် နီးပါးအတွင်း တိုင်စာ ထောင်နဲ့ချီ ရောက်ရှိနေပြီး ကော်မတီသို့ ရောက်ရှိလာသော တိုင်စာအား စစ်ဆေးတွေ့ရှိချက်အရသော်လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့များ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဋ္ဌာနမှ အောက်ခြေဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ မြို့နယ်အဆင့် ရုံးဝန်ထမ်းများ၊ ပညာရေးဋ္ဌာန၊ ကျန်းမာရေးဋ္ဌာန စသည့် ဋ္ဌာနပေါင်းများစွာ၏ ကောင်းမွန်သော ဝန်ဆောင်မှုပေးမည့်အပိုင်းမှာ ယနေ့အထိအလွန်အားနည်းနေကြောင်း တိုင်ကြားစာကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ထောက်ပြဆွေးနွေးသည်။

    လွှတ်တော်မှာ မေးခွန်းမေးမြန်းသည့်ကာလတစ်ခုမှာသာ လဝကရုံးများတွင် ပြည်သူအတွက် ဝန်ဆောင်မှု၊ ငွေကြေးကောက်ခံမှုနဲ့ပတ်သက်၍ လိုက်နာဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်းတွင် ယခင်အခြေအနေဟောင်းအတိုင်း ငွေတောင်းခံမှုပြန်လည်ရှိနေကြောင်း၊ အခြားကိစ္စရပ်တွေမှာလည်း ထို့အတူ ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ထောက်ပြဆွေးနွေးသည်။

    ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ကြယ်ပြပွင့်မေးခွန်း ၅ ခု၊ အဆို ၂ ခု၊ အစီရင်ခံစာ ၂ ခု တင်သွင်းဆွေးနွေးပြီး ၎င်း အဆို ၂ ခုမှာ မဲခွဲဆုံးဖြတ်ပြီး ရှူံးနိုမ့်သွားသည့်အဆို ၁ ခုနှင့် တင်သွင်းသည့်အဆို ၁ ခု၊ အစီရင်ခံစာ ၂ ခု ကို အတည်ပြုကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts