spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် မွန်နှစ်ပါတီဆွေးနွေး

    မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် မွန်နှစ်ပါတီဆွေးနွေး

    -

    မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှစ်ဖက်ကိုယ်စားလှယ်များ ပုံမှန်လစဉ်တွေ့ဆုံပွဲတွင် မွန်-လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

    ကြားခံအဖွဲ့အစည်းမပါဝင်သည့် မွန်နှစ်ပါတီတွေ့ဆုံဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၅ ရက်နေ့က မော်လမြိုင်မြို့တွင်ကျင်းပခဲ့ရာ AMDP ပါတီမှ မွန်-လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး အဆိုပြုချက်ကို MNP ကိုယ်စားလှယ်အဖွဲ့ထံ တင်ပြခဲ့ကြောင်း AMDP တွေ့ဆုံဆွေးနွေးရေးခေါင်းဆောင် နိုင်မောင်မောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    AMDP,MNP ကိုယ်စားလှယ်များ ဒုတိယအကြိမ်တွေ့ဆုံကြစဉ်(Facebook)
    “ဆုံးဖြတ်ချက် ၂ ချက်ရတယ်၊ အဆိုပြုချက် ၂ ချက်ကိုသက်ဆိုင်ရာမိခင်ပါတီကိုတင်ပြပြီးမှ ဆုံးဖြတ်ရမယ်၊ အဆိုပြုချက်ထဲမှာက မွန်ပြည်နယ်မှာ မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ပါ၊ ကျနော်တို့ ၂ ပါတီသက်သက်မဟုတ်ဘဲ အမျိုးသမီး(မွန်) ပါတီလည်းပါဝင်သင့်တယ်လို့မြင်တယ်၊ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးခြင်း မထိုးခြင်းကို တပိုင်းထားလိုက်ပါ” ဟု ပြောသည်။

    နှစ်ပါတီကိုယ်စားလှယ်များတွေ့ဆုံပွဲမှ ၁- (၇၁) ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် နှစ်ပါတီပူးတွဲကြေညာချက်ထုတ်ပြန်မည်။ ၂- နှစ်ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများ အပြန်အလှန်လေ့လာမည်။ ၃-နှစ်ပါတီထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန်။ ၄-မွန်-လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် စသည့်အချက် ၄ ချက်ပါဝင်သည်ဟု ဆိုသည်။

    MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့မှာ ကျနော်တို့ပါတီဗဟိုကော်မတီအစည်းဝေးရှိတယ်၊ AMDP အဆိုပြုလာတဲ့ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စကို ကျနော်တို့ဆုံးဖြတ်မယ်” ဟု ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ NMSP တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA မရေးထိုးပါက မွန်ပြည်နယ်တွင် လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရှိကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းဇေယျာဦးက ဆိုသည်။

    “မွန်ပြည်သစ်ပါတီလုပ်မှရတယ်၊ မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးမှရမယ်၊ မထိုးရင်အမျိုးသားအဆင့်နာမည်သုံးခွင့်မရှိဘူး” ဟု မင်းဇေယျာဦးက ပြောသည်။

    သို့ရာတွင် ပါတီအစုအဖွဲ့အလိုက်သော်၄င်း၊ ပါတီတစ်ဖွဲ့ချင်းအလိုက်သော်၄င်း စာတမ်းတင်ခွင့်ရှိပြီး မွန်အနေဖြင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသေးသည့်အတွက် တရားဝင်မွန်နိုင်ငံရေးပါတီများ စုဖွဲ့ပြီးတင်ခွင့်ရှိကြောင်း သူကဆိုသည်။

    မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ပါတီကိုယ်စားလှယ် (၃) ဦးစီတို့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ်စတင်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်လတစ်ကြိမ်ပုံမှန်တွေ့ဆုံသွားရန်နှင့် အရေးပေါ်ပေါက်ပါက လိုအပ်သလိုကြားဖြတ်တွေ့ဆုံရန်။ နိုင်ငံရေးရာကိစ္စရပ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သွားရန်။ နှစ်ပါတီပေါင်းစည်းရေးနိုင်ရေးအတွက် ဆက်လက်တွေ့ဆုံဆွေးနွေးသွားရန် အချက် ၃ ချက်ကို သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks