spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်မည်ကိုမလိုလားသဖြင့် WLB သဘောထားထုတ်ပြန်

    ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်မည်ကိုမလိုလားသဖြင့် WLB သဘောထားထုတ်ပြန်

    -

    မြန်မာ့ဒီမိုကရေစီလမ်းကြောင်း နောက်ပြန်လှည့်မည်ကို မလိုလားသဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma-WLB မှ သဘောထား ထုတ်ပြန်ကြေညာချက်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်ကို တွေ့ရှိရသည်။

    “ကျွန်မတို့အဓိက ရည်ရွယ်ချက်က အခုဆိုရင် ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်သွားနေတဲ့အချိန် မှာ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေကို ဖန်းတီးပြီးတော့မှ ဒီအကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်း ရေးဖြစ်စဉ်အတွက် နှောင့်နှေးစေတဲ့ဟာမျိုး၊ ဒီမိုကရေစီလမ်းကြောင်းပေါ်မရောက်ဘဲနဲ့နောက်ကြောင်း ပြန်လည့်တဲ့ဟာမျိုးကို ကျွန်မတို့ မလိုလားဘူး။ နောက် ပဋိပက္ခ္ခအတွင်းမှာ အမျိုးသမီးနဲ့ ကလေးတွေ ကို စစ်ပွဲမှာ အကြမ်းဖက်မှုတွေရဲ့ သားကောင်းအဖြစ် အသုံးပြုနေတဲ့ဟာတွေကို ကျွန်မတို့ ဘယ်လိုမှ နားလည်လက်ခံလို့ မရဘူး။ အဲဒါကို ကျွန်မတို့ ကန့်ကွက် ပြစ်တင် ရှုံ့ချတယ်ဆိုတဲ့အကြောင်းကို အဓိ ကထားပြီး ဖော်ပြထားတာ ဖြစ်ပါတယ်” ဟု WLB အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်က ပြော သည်။

    Women’s League of Burma-WLB ၏ ထုတ်ပြန်ကြေညာချက်(Copy)
    မြန်မာနိုင်ငံတွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရပ်ရပ်သည် မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပြည့်ဝသော ဖက်ဒရယ် ဒီမိုကရေစီရရှိရေးနှင့် ငြိမ်းချမ်းရေး အားထုတ်မှုဖြစ်စဉ်အား ခြိမ်းခြောက်မှု ဖြစ်လာနေသည်ကို အထူးစိုးရိမ်ပူပန်သည်ဟု WLB ၏ကြေညာ ချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် ၂၀၁၁ ခုနှစ်မှစ၍ ပြန်လည်ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော စစ်ပွဲအခြေအနေများကြောင့် စစ်ဘေးရှောင်စခန်းများ များပြားလာသည့်အခြေအနေ များ၊ လက်ရှိဖြစ်ပွားနေသော ရခိုင်ပြည်နယ်အခြေအနေများကြောင့် ရခိုင်ပြည်နယ်အတွင်း အမျိုးသမီး များနှင့် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ကျန်းမာရေးမှာ အထူး စိုးရိမ်ရသည့် အခြေအနေတွင် ရောက်ရှိနေကြောင်း ယင်းကြေညာချက်တွင် ဖော်ထားသည်။

    ယင်းအချက်များ ထုတ်ပြန်ရခြင်းအပေါ် လွေးပိုးငယ်က “ဘယ်လိုအကြမ်းဖက်မှုမျိုးပဲဖြစ်ဖြစ် ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)အနေနဲ့ ရှုံ့ချတယ်ဆိုတဲ့အကြောင်းကို အဓိကထားတာ ဖြစ်တယ်။ နောက်တစ်ချက်က ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို သွားနိုင်ဖို့ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှရမယ်။ အဲဒါကြောင့်မို့ ကျွန်မတို့ ဒီနေ့ဒီအချိန်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်းကိုလည်း ထပ်မံပြီးတော့ နှိုးဆော်တိုက် တွန်းတာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ဤသို့သော အခြေအနေတွင် မြန်မာနိုင်ငံ၏ လက်ရှိကြိုးပမ်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံ ရေးဆွေးနွေးပွဲများ အောင်မြင်စွာ ဖြစ်ထွန်းနိုင်ရေးနှင့် ဆက်တိုက်ဖြစ်ပေါ်လာမည့် လုပ်ငန်းအစီအစဉ် များကို ရည်ရွယ်ချက်ရှိရှိ တားဆီးရန် ယခုကဲ့သို့ ပဋိပက္ခ အမျိုးမျိူး၊ အကြမ်းဖက်မှု အသွင်အမျိုးမျိုး ဖြစ်ပေါ်လာစေရန် နောက်ကွယ်မှ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို မလိုလားသူများ၊ အစုအဖွဲ့များ က ဖန်တီးလှုံ့ဆော်နေကြသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

    ထို့ကြောင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)သည် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လုံးဝသည်း မခံခြင်း (Zero tolerance) မူဝါဒကို စွဲကိုင်ထားသည်နှင့်အညီ၊ မြန်မာပြည်အနှံ့အပြားတွင် နည်းမျိုးစုံ ဖြင့် စစ်ရေးအရ အနိုင်ကျင့်မှု အပါအဝင် အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း၊ ဒီမိုကရေစီစနစ် နှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖီရန် ရည်ရွယ်၍ အကြမ်းဖက်မှုများဖြစ်ပေါ်လာစေရန် တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြံစည်လုပ်ဆောင်မှုအားလုံးကို ဆန့်ကျင်ကြောင်း စသည့်အချက်များအပါအ ဝင် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းလာရေးအတွက် လက်ရှိအစိုးရအပါအဝင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများက ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင် ဆင်ရေးကို လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပတွင်ပါ ပစ်မှတ်ထားတောင်းဆို လှုံ့ဆော်ခြင်းများ၊ စည်းရုံးခြင်းများကို တဖန်တိုးမြှင့် လုပ်ဆောင်ရန် အထူးတိုက်တွန်းနှိုးဆော်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) Women’s League of Burma-WLB ကို ၁၉၉၉ ခုနစ်တွင် တိုင်းရင်းသား တန်းတူရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် အမျိုးသမီးများ ဦးဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးအတွက် တိုင်းရင်းသူ အမျိုးသမီး အဖွဲ့အစည်း ၁၃ ဖွဲ့ တို့ဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts