spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၌ နေ့စားလပေးလျှောက်ထားသည့် တိုင်းရင်းသားဆရာ/ဆရာမ ၈၀ဝ ကျော်ရှိ

    မွန်ပြည်နယ်၌ နေ့စားလပေးလျှောက်ထားသည့် တိုင်းရင်းသားဆရာ/ဆရာမ ၈၀ဝ ကျော်ရှိ

    -

    မွန်ပြည်နယ်တွင် နေ့စားလပေးအဖြစ် လျှောက်ထားသည့် အစိုးရအခြေခံပညာကျောင်းများအတွင်း၌ တိုင်းရင်းသား စာပေသင်ကြားပေးနေသည့် ဆရာ၊ ဆရာမ ၈၀ဝ ကျော်ရှိသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

    တိုင်းရင်းသား စာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများကို နေ့စားလပေးအဖြစ် တိုးမြှင့်ခန့်အပ်ရန် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ပြည်နယ်အစိုးရမှတဆင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးဌာနတို့က အောက်တိုဘာ ၉ ရက်နေ့တွင် လျှောက်လွှာ စတင်ခေါ်ယူခဲ့ကာ နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၂၃ ရက်နေ့အထိ လျှောက်ထားသူ ၈၆၄ ဦး ရှိသည်။

    ကျောင်းသုံးမွန်ဖတ်စာအုပ်(Min Latt)
    “နေ့စားလပေးခန့်အပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေနဲ့က ပညာရေးဌာနနဲ့ ညှိနှိုင်းမှု လုပ်ဆောင်ထားတဲ့ဟာပေါ့နော်၊ နေ့စားလပေးခန့်အပ်လိုက်တဲ့အခါကျတော့ မူလ တစ်လ ၃ သောင်း ရနေတာကနေ ခံစားခွင့် ပိုလာမှာပေါ့၊ နောက်ပြီးတော့ လုပ်ဆောင်ရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ပိုပြီးတော့ ထိရောက်မှုရှိလာမယ်၊ ကျောက်သားတွေအတွက် ပိုပြီးတော့ အထောက်အကူပြုလာနိုင်မယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။
    မွန်ပြည်နယ်တွင် အစိုးရစာသင်ကျောင်းများ၌ မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင်ကြားလျက်ရှိပြီး သင်ကြားနေသည့် ဆရာ၊ ဆရာမများသည် အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများရှိသလို ပြင်ပမှ လာရောက်သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများလည်းရှိသည်။

    မွန်၊ ကရင်၊ ပအိုဝ်း မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှလည်း တိုင်းရင်းသားဘာသာစာပေသင်ကြားနိုင်သည့် ဆရာ ဆရာမ ၁၅၀ ကျော်ကိုလည်း နေ့စားလပေးအဖြစ် လျှောက်ထားမှုလည်း ရှိသည်။

    မြို့နယ်ပညာရေးဌာနမှတဆင့် လျှောက်ထားသူများနှင့် မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ လျှောက်ထားသူများစာရင်း အားလုံးကို ပြည်နယ်အစိုးရသို့ တင်ပြလိုက်ပြီးဖြစ်သည်ဟု မွန်ပြည်နယ် ပညာရေးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးတင့်အောင်က ပြောသည်။

    မွန်ပြည်နယ်တွင် အစိုးရစာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေသင်ကြားခြင်းကို ယခင်အစိုးရလက်ထက် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး သင်ကြားပေးသည့် ဆရာ၊ ဆရာများကို ပြည်ထောင်စုရန်ပုံငွေဖြင့် တစ်လလျှင် ၃ သောင်းကျပ်၊ တစ်နှစ်အတွင်း ၉ လစာ ထောက်ပံ့ပေးခဲ့သည်။

    ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်နှင့် ကရင် တိုင်းရင်းသား စာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေသင်ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိပြီး မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြားနေသည့်ကျောင်း ၂၇၃ ကျောင်း၊ ပအိုဝ်းစာသင်ကြားနေသည့်ကျောင်း ၃၀ ကျောင်းရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

    အဆိုပါ တိုင်းရင်းသားစာပေသင်ကြားနေသည့်ကျောင်းများတွင် Grad (1,2,3) တွင် မွန်စာသင်ကြားနေသည့် ကျောင်းသား ၂၁၀ဝ၀ ကျော်၊ Grad (1,2,3) တွင် စကောကရင်နှင့် အရှေ့ပိုးကရင်စာပေသင်ကြားနေသည့် ကျောင်းသား ၁၅၆၀ဝ ကျော်နှင့် Grad (1,2,3) တွင် ပအိုဝ်းစာသင်ကြားနေသည့် ကျောင်းသား ၂၇၀ဝ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမပေါင်း ၁၃၀ဝ ခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks