spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူချမှတ်ခြင်းအား ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

    ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအခြေခံမူချမှတ်ခြင်းအား ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်ပေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား

    -

    ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအုတ်မြစ်ဖြစ်သည့် အခြေခံမူများချမှတ်ခြင်းကို ၂၀၁၈ ခုနှစ်အတွင်း ပြီးပြတ်အောင် ရည်မှန်းချက်ထားပြီး ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီအား ညွှန်ကြားလိုက်သည်ဟု သိရသည်။

    ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ Union Political Dialogue Joint Committee-UPDJC ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ကျင်းပရာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်အမှာစကားပြောကြားရာတွင် ပြောဆိုခြင်း ဖြစ်သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UPDJC (၁၂) ကြိမ်မြောက် အစည်းအဝေးတက်ရောက်စဉ်(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    “ကျွန်မတို့ အခုလုပ်ရမယ့် လုပ်ငန်းတွေကို ပြောရမယ်ဆိုရင် ဒီနေ့ကနေစပြီးတော့ လာမယ့် ၂၀၁၈ ခုနှစ်အထိ အချိန်ကာလအတွင်းမှာ ဖက်ဒရယ်ဆိုင်ရာအခြေခံမူတွေကို အခြေခံ အုတ်မြစ်အနေနဲ့ ချ မှတ်နိုင်ဖို့ ရည်မှန်းချက်ထားပြီး ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

    UPDJC အစည်းအဝေးမှာ မကြာခဏတွေ့ဆုံခြင်းမဟုတ်သောကြောင့် တွေ့ရသည့်အချိန်တွင် ငြိမ်းချမ်း ရေးအတွက် တိုးတက်မှုရှိအောင် အားလုံးဝိုင်း၍လုပ်သွားရန် မျှော်လင့်ပြီး ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စု ပေါ်ပေါက်ရေးအတွက် အားလုံးပါဝင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    “ဒီရည်မှန်းချက် ပြည့်ဝအောင်မြင်မှသာ မြန်မာနိုင်ငံအတွက် နောက်မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးဟာ နိုင်ငံရေးသဘော တူညီချက်များ ရရှိရေးပေါ် မူတည်နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

    နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်မှ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်မှာဖြစ်၍ UPDJC က ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အရေးကြီးလာသော အခန်းကဏ္ဍတွင် ရှိနေသည်ကို အားလုံး သဘောပေါက်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

    UPDJC ဒုတိယဥက္ကဋ္ဌ ကိုယ်စား တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ EAO ၏ UPDJC အဖွဲ့ခေါင်း ဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းဖွင့်ထားသကဲ့ သို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သေးသော အထူးသဖြင့် RCSS နှင့် ALP နေရာတို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပေးရန် ယခု အစည်းအဝေးက ဝိ်ုင်းဝန်းကြိုးပမ်းကြရန် တိုက်တွန်းခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်သည့်နေရာတွင် တစ်ဆင့်နှင့် တစ်ဆင့်အကြား၊ အစည်းအဝေးတစ်ခုနှင့်တစ်ခုအကြား လုံလောက်သော အချိန်ပေးရန် မေတ္တာရပ်ခံခဲ့ သည်။

    ယခုအစည်းအဝေးမှ UPDJC အနေဖြင့် မျဉ်းပြိုင်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များကို အဆုံးအ ဖြတ်ပေးရန် လိုအပ်နေသောကြောင့် ပထမအနေဖြင့် လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် မည်သည့်အခြေခံမူဆိုင်ရာခေါင်းစဉ်များ ဆွေးနွေးကြမည်ဆို သည်ကို သတ်မှတ်ပေးရန်၊ ဆွေးနွေးမည့် ခေါင်းစဉ်များ အတည်ပြုသတ်မှတ်ပေးပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်ကြရန်၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း အချိန် လုံလုံလောက်လောက် ရရှိပြီး အကျေအလည် ညှိနှိုင်းနိုင်မည့် အခြေအနေမျိုး ဖန်တီးပေးရန် UPDJC က စဉ်းစားပြီး ဆောင်ရွက်ပေးစေချင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

    ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်းကို ပြီးစီး အောင် ဆောင်ရွက်ကြရန်၊ UPDJC အနေနှင့် အတည်ပြုပေးခဲ့သည့် မူဘောင်၊ လုပ်ငန်း၊ လမ်းညွှန် (ToR) များကို နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည့်အနေအထားကို မျှော်မှန်းပြီး အကောင်းဆုံးဖြစ် အောင် ပြောင်းလဲပြင်ဆင်ရမည့် အစိတ်အပိုင်းများကို ပြောင်းလဲပြင်ဆင်ရန် ဖြစ်သည်။

    တတိယအနေဖြင့် သဘောတူညီချက်များကို လက်တွေ့လုပ်ဆောင်ကြရာမှာ စနစ်တကျနှင့် ထိရောက် မှုဖြစ်စေရေးအတွက် လိုအပ်သည့် Standard Operating Procedure (SOP)များကို ရေးဆွဲကြရန်နှင့် UPDJC ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စေရန်အတွက် ရုံးအဖွဲ့ကို စနစ်တကျ ဖွဲ့စည်း ဆောင်ရွက်သွားရန် စသည်တို့အား UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု သိရသည်။

    ထို့နောက် တက်ရောက်လာကြသူများက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယ အကြိမ်အစည်းအဝေးတွင် ဆွေးနွေးမည့်ခေါင်းစဉ်များ သတ်မှတ်ခြင်းကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေးနှင့် ကျင်းပမည့်နေရာ ကျင်းပမည့်ပုံစံသတ်မှတ်ရေးကိစ္စနှင့် UPDJC ၏ လုပ်ငန်းကော်မတီများတွင် ဆွေးနွေးမည့်စာတမ်းများကိစ္စတို့ကို ဆွေးနွေးကြကြောင်း သိရသည်။ ယခု အစည်းအဝေးသို့ UPDJC အဖွဲ့ဝင်များဖြစ်သည့် အစိုးရအဖွဲ့မှကိုယ်စားလှယ်များ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်များအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts