spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းအံဒင်ကျေးရွာအနီးလျာထားသည့် ပင်လယ်ပြင်ထောက်ပံ့ရေးစခန်းစီမံကိန်းအား ဒေသခံများဆန္ဒသဘောမပါဘဲဆောင်ရွက်မည်မဟုတ်ဟုဆို

    အံဒင်ကျေးရွာအနီးလျာထားသည့် ပင်လယ်ပြင်ထောက်ပံ့ရေးစခန်းစီမံကိန်းအား ဒေသခံများဆန္ဒသဘောမပါဘဲဆောင်ရွက်မည်မဟုတ်ဟုဆို

    -

    ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် Forever Thanlwin Company Ltd. မှ မုတ္တမကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း Offshore Supply Base စီမံကိန်းပြုလုပ်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများ၏ဆန္ဒသဘောထားမပါပဲ ဆောင်ရွက်ရန် ရည်ရွယ်ချက်မရှိကြောင်း Forever Thanlwin Company Ltd မှ မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်မင်းအောင်က
    ပြောသည်။

    ” စီမံကိန်းဆောင်ရွက်တဲ့အခါကျရင် ကျွန်တော်တို့အနေနဲ့ ဒေသခံနဲ့ဒိုးတူဘောင်ဘက် လုပ်သွားရမယ့်အနေအထား ဖြစ်ပါတယ်၊ ဒေသခံသဘောမပါဘဲ ဆောင်ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်မရှိပါဘူး၊ သို့ပေမယ့်လည်း ဒေသခံတွေကို ကျွန်တော်တို့ဆောင်ရွက်မယ့်လုပ်ငန်း စီမံကိန်းတွေနဲ့ပတ်သက်လို့ ရှင်းပြတဲ့ဟာကို အာရုံစူးစိုက်ပူးပေါင်းဆောင်ရွက်ပြီး နားထောင်ပေးပါ၊ နားထောင်တဲ့အခါမှာ ကျွန်တော်တို့ဆောင်ရွက်မယ့်စီမံကိန်းဟာ ဒေသအကျိုးကို ထိခိုက်နိုင်မယ့်အနေအထားဖြစ်မယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်မယ့်အနေအထားမျိုးဖြစ်မယ်၊ အားလုံးအတွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်မယ့်အနေအထားမျိုးဖြစ်မယ်ဆိုရင် ကျွန်တော်တို့ကို ထောက်ပြဆွေးနွေးပါ၊ ကျွန်တော်တို့အနေနဲ့ဖြေရှင်းနိုင်တဲ့ကိစ္စမျိုးဆိုရင် ဖြေ၇ှင်းပြီးတော့မှ အကောင်အထည်ဖော်ဖို့ရည်ရွယ်ချက်ပါ ” ဟု ဦးဇော်မင်းက ဆိုသည်။

    ရေနံနှင့်သဘာဝဓာတ်ငွေ့ အခြေစိုက် ထောက်ပံ့ရေးစခန်းတစ်ခု(Internet)
    Forever Thanlwin Company Ltd အနေဖြင့် ယခုနှစ် မေလ ၂၀ ရက်နေ့က စီမံကိန်းလုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပွဲကို အံဒင်ရွာသစ်ဘုန်းတော်ကြီးတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ဒေသခံများလက်မခံခဲ့သည့်အတွက် ပျက်ပြယ်ခဲ့ကြောင်း၊ ယခုလ ၁၁ ရက်နေ့ကြ မန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံတင်ပြချက်အရ ကော်မရှင်က မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခဲ့သည့်အတွက် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ အံဒင်ကျေးရွာသို့လာရောက်ပြီး ဒေသခံအချို့နှင့်တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်။

    ဒေသခံများအနေဖြင့် မိမိတို့ဒေသတွင် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းအနေဖြင့် ဆိုင်းငံ့ထားသည့်အဆင့်တွင်သာရှိနေပြီး လုံးဝရပ်ဆိုင်းသွားခြင်းမရှိသေးကြောင်း၊ ယင်းကိစ္စကြောင့်ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်နေရသလို ယခုကဲ့သို့စီမံကိန်းမျိုး ထပ်မံဝင်ရောက်လာခြင်းအား လက်ရှိအခြေအနေတွင် လက်ခံရန်မဖြစ်နိုင်သေးသဖြင့် ယခုကဲ့သို့ အသိအမှတ်ပြု လက်မခံခြင်းဖြစ်ကြောင်း အံဒင်လူငယ်အဖွဲ့က မိနီမာဦးကပြောသည်။

    မိနီမာဦးက ” ကမ်းလွန်ထောက်ပံ့ရေးစခန်းကို မတ်လ ၂၃ ရက်နေ့ကတည်းက ရဟန်းသံဃာတော်တွေ၊ ရပ်မိရပ်ဖတွေ၊ ဒေသခံတွေ၊ လူငယ်အဖွဲ့တွေအားလုံးစုံပြီးတော့ ဆုံးဖြတ်ချက်ချထားပြီးသားပါ၊ ဒီကမ်းလွန်ထောက်ပံ့ရေးစခန်းပဲဖြစ်ဖြစ် ကျောက်မီးသွေးစီမံကိန်းပဲဖြစ်ဖြစ် ကျွန်မတို့ဒေသမှာ ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးကိုမှ လက်မခံနိုင်သေးဘူး၊ ဆုံးဖြတ်ချက်ချထားပြီးဖြစ်တဲ့အတွက် ဒီတွေ့ဆုံရှင်းလင်းပွဲကိုလည်း အသိအမှတ်မပြုနိုင်ဖို့ ရှင်းလင်းဖို့အတွက်လည်း ခွင့်မပြုနိုင်ဘူး၊ အဲဒီတုန်းက သူတို့ကအံဒင်ရွာသစ်ဘုန်းကြီးကျောင်းမှာလုပ်မယ်လို့ ဖိတ်စာမှာရေးထားတယ်၊ ဆရာတော်ကိုမေးကြည့်တော့ ဆရာတော်ကလည်းမသိဘူး၊ ဆရာတော်ကလည်းဘုန်းကြီးကျောင်းမှာ ဒီလိုရှင်းလင်းပွဲလုပ်တာကို ခွင့်မပြုနိုင်ဘူး၊ ဒါကြောင့်အဲဒီနေ့ကလုပ်တဲ့ရှင်းလင်းပွဲပျက်သွားခဲ့တာပါ ” ဟု ဆိုသည်။

    ယခုလ ၁၈ ရက်နေ့၊ မွန်းလွဲပိုင်းက နှီးနူကျေးရွာဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သော ဖာလိန်ဒေသညီညွတ်ရေးအဖွဲ့ (၄၄)ကြိမ်မြောက်အစည်းအဝေးတွင် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ကောင်းကျိုးဆိုးကျိုးများအား သေချာစွာ မသိရှိရသေးသဖြင့် အဖွဲ့ဝင် ၆ ဦးပါဝင်သောအဖွဲ့မှ ပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးကာ အစီရင်ခံစာတစ်စောင်ပြုလုပ်ပြီးမှသာ လက်ခံရန် သင့်/မသင့် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

    မန်းနေးဂျင်းဒါရိုက်တာ ဦးဇော်မင်းအောင်က ” ကျွန်တော်တို့လျှပ်စစ်သုံးမယ့် အနေအထားက ၃ အများဆုံးမဂ္ဂါဝပ်ပဲသုံးမှာပါ၊ ကနဦးကတော့ မိမိအစီစဉ်နဲ့သုံးဖို့ရည်ရွယ်ထားတာပေါ့၊ ခုကံကောင်းတာက ခေု ရးမှာအကောင်အထည်ဖော်မယ့် ဆီးဂတ်ကုမ္ပဏီရယ်၊ အနင်းမှာအကောင်အထည်ဖော်မယ့် စီမံကိန်းတွေကနေ ဝယ်သုံးလို့ရတဲ့အတွက် ကျွန်တော်တို့တောင်စက်သုံးစရာမလိုတော့ပါဘူး၊ လျှပ်စစ်နဲ့ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် ကျောက်မီးသွေးလိုမျို သဘာဝပတ်ဝန်းကျင်ထိခိုက်စေမယ့် စွမ်းအင်လောင်စာသုံးမယ်ဆိုတဲ့သံသယမျိုးမရှိဘဲ လုံးဝယုံကြည်ပေးဖို့ပြောချင်ပါတယ်၊ ကျောက်မီးသွေးနဲ့ပတ်သက်လို့ လုံးဝအစီအစဉ်မရှိပါဘူး ” ဟု ပြောသည်။

    ယင်းအစည်းအဝေးတက်ရောက်ခဲ့သူ မင်းအောင်မျိုးဦးက ‘စာမျက်နှာ ၁၀ မျက်နှာခန့်ပါဝင်တဲ့ အစီရင်ခံစာတစ်စောင်ကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး တစ်လအတွင်းလုပ်သွားမည်ဟု ဆိုသည်။

    Forever Thanlwin Company Ltd. အနေဖြင့် ကနဦးရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၆၃ မီလီယမ်ဖြင့် အံဒင်ဓမင်းဆိပ်ကျေးရွာအနီးရှိ မြေဧက ၆၈.၁၁ ဧကပေါ်တွင် မုတ္တမကမ်းလွန်ထောက်ပံ့ရေး စခန်းတည်ဆောက်ကာ ကမ်းလွန်ထောက်ပံ့ရေးအခြေစိုက် ဝန်ဆောင်မှုလုပ်ငန်းကို စွမ်းအင်ဝန်ကြီးဌာနခွင့်ပြုချက်ရရှိချိန်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များအခြေခံကာ နောင်တွင် စက်ရုံ၊ အလုပ်ရုံများတည်ထောင်ပြီး တန်ဖိုးမြှင့်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ဆိပ်ကမ်းမှ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကုမ္ပဏီ၏ နှစ်စဉ်အသားတင်အမြတ်မှ (၂ %) သုံးစွဲသွားမည်ဖြစ်ကြောင်း Forever Thanlwin Company Ltd. က သိရသည်။

    အလားတူ အခြေစိုက်စခန်းကို မုဒုံမြို့နယ်၊ ဝဲကလိ-ကမာအုပ်ကျေးရွာ၌တစ်နေရာနှင့် ရေးမြို့နယ်ကော့ဒွတ်ကျေးရွာတွင်တစ်နေရာ ရေနံနှင့်သဘာဝဓာတ်ငွေ့အခြေစိုက် ထောက်ပံ့ရေးစခန်း ၂ ခု တည်ဆောက်ရန် ဆွေးနွေးထားကြောင်း၊ အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (၁၀/၂၀၁၇) အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး Myanmar Offshore Supply Base Limited (MOSB) အခြေစိုက်စခန်းမှ ကမ်းလွန်ရေနံ လုပ်ငန်းများသို့ ဒီဇယ်အပါအဝင် လုပ်ငန်းသုံးပစ္စည်းများကို ဖြန့်ဖြူးရောင်းချသွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ သတင်းရရှိသည်။

    ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွငး်ရေးမှူးဦးအောင်နိုင်ဝင်းက “’ဒီစီမံကိန်းနဲ့ပတ်သက်လို့ ကျွန်တော်နားလည်သမျှ လေ့လာစူးစမ်းမှုတွေလုပ်ခဲ့ပါတယ်၊ ဘာလို့လဲဆိုရင် ကျောက်မီးသွေးစက်ရုံစီမံကိန်း ကိစ္စကတည်းက အံဒင်ဒေသဟာ ကျွန်တော်တို့အလေးအနက်ထား စောင့်ကြည့်ခဲ့လို့ပါပဲ၊ ခုစီမံကိန်းဟာ သူ့ရဲ့လုပ်ငန်းစဉ်သဘောအရ ကမ်းလွန်ရေနံတွင်းတွေနဲ့ ကမ်းလွန်မှာရှိတဲ့သင်္ဘောတွေကို လိုအပ်တဲ့စက်သုံးဆီမှစပြီး ကျန်းမာရေးဝန်ဆောင်မှု၊ စားနပ်ရိက္ခာ၊ ရေ အစရှိတာတွေကို ထောက်ပံ့တယ်ဆိုတာ သိရပါတယ်၊ သူ့ရဲ့ လုပ်ငနး်သဘောအရ ကျောက်မီးသွေးစက်ရုံလို မြေနေရာအကျယ်ကြီးရယူပြီးတော့ ဆောင်ရွက်မယ့် Industry လုပ်ငန်းမပါတာကိုလည်း တွေ့ရတယ်၊လူ့အစွမ်းအားအရင်းအမြစ်များများ မလိုတာကိုလည်းတွေ့ရတယ်၊ ဒါ့တွေကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုဝန်းကျင်ထိခိုက်မှု များများစားစား မရှိနိုင်ဘူးလို့တော့ ထင်မိတယ်၊နောက်တစ်ခုက ဒီစီမံကိန်းအောင်မြင်သွားရင် နိုင်ငံတကာက စင်္ကာပူဆိပ်ကမ်းတို့၊ ကွမ်ကျိုးဆိပ်ကမ်းတို့လို သူတို့လို တိုးတက်ပြောင်းလဲသွားနိုင်တယ်။ ပြောရရင် ဒေသဖွံ့ဖြိုးရေးအတွက် မျှော်လင့်ချက်တစ်ခုလို့ ပြောချင်တာပါပဲ။ ပညာရှင်တွေနဲ့သေချာစွာ လေ့လာဆွေးနွေးပြီးတော့ လက်ခံ သင့်/မသင့်ဆုံးဖြတ်သင့်ပါတယ် ” ဟု မှတ်ချက်ပြုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks