spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပညာရေးအတွက် အမေရိကန်ရောက်မွန်များ ကျပ်ငွေသိန်း (၄၀ဝ) ကျော်လှူဒါန်း

    မွန်အမျိုးသားပညာရေးအတွက် အမေရိကန်ရောက်မွန်များ ကျပ်ငွေသိန်း (၄၀ဝ) ကျော်လှူဒါန်း

    -

    အမေရိကန်နိုင်ငံရောက်မွန်တိုင်းရင်းသားများက မွန်အမျိုးသားပညာရေးကော်မတီလက်အောက်ရှိ မွန်အမျိုးသားစာသင်ကျောင်းအတွက် မြန်မာကျပ်ငွေ (၄၀၇) သိန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၃၀,၈၅၁) ခန့်ကို မွန်အမျိုးသားပညာရေးကော်မတီ(ဗဟို) သို့ ယခုအောက်တိုဘာလတွင် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီဝင် ဆရာတော်ဘဒ္ဒန္တကေတုမာလာနှင့် ဆရာတော် ဘဒ္ဒန္တသီလဝန္တတို့ နှစ်ပါး အမေရိကန်နိုင်ငံသို့ (၃) လကျော်ခန့်ရောက်ရှိခဲ့ရာ ပြည်နယ် (၃၀) ခန့်သွားရောက်ခဲ့ပြီး မွန်တိုင်းရင်းသားများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

    မွန်ဆရာတော်မျာနှင့် အမေရိကန်ရောက်မွန်များ(MNA)
    ဆရာတော်ဘဒ္ဒန္တ သီလဝန္တက “ဆရာတော်တို့အနေနဲ့ ပညာရေးကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးတာ (၁၅) နေရာလောက်ရှိပါတယ်။ အမေရိကန်ရောက် မွန်တွေလည်း မွန်အမျိုးသားပညာရေးရဲ့ အခြေအနေကို အမှန်တကယ်သိလာရတော့ သူတို့လည်း ဝိုင်းဝန်းကူညီထောက်ပံ့ကြမယ်”ဟု ဆရာတော်က ဆိုသည်။

    ထို့အပြင် အမေရိကန်နိုင်ငံရှိ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ (Fort Wayne, Indiana State)၊အိုဟိုင်းယိုးပြည်နယ် အက္ကရန်မြို့ (Akron, Ohio State)၊နယူးယောက်ပြည်နယ် ဘပ်ဖလိုးမြို့ (Buffalo, New York State) စသည့်မြို့များတွင်လည်း “မွန်အမျိုးသားပညာရေးအမှုဆောင်ကော်မတီ” ကို ဖွဲ့စည်းကာ နှစ်စဉ်ထောက်ပံ့ကြေးများ ကောက်ခံသွားမည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီ (ဗဟို) အထွေအထွေအတွင်းရေးမှူး မိစားတားက “ဆရာတော်နှစ်ပါးကို အမေရိကန်မှာရှိတဲ့ ဒါယကာတွေက ပင့်ဖိတ်လာတယ်၊ မွန်အမျိုးသားပညာရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန်က မွန်တွေကို သိရှိနားလည်အောင် ရှင်းပြနိုင်ခဲ့တယ်၊ ဒါကြောင့်လည်း ထောက်ပံ့လှူဒါန်းကြတာ” ဟု ဆိုသည်။

    ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ဝန်းကျင်တွင် မွန်ကျောင်းဆရာ ဆရာမများအတွက် ထောက်ပံ့ကြေး အခက်အခဲများစွာရှိခဲ့ကြောင်း၊ ယခုအခါ အလှူငွေများရရှိလာသဖြင့် အခြေအနေပြန်လည်ကောင်းမွန်လာကြောင်း မိစားတားက ဆက်ပြောသည်။

    မွန်ဆရာတော်များ၏ တိုက်တွန်းနှိုးဆော်မှု၊ မွန်ပြည်သူများ၏ပါဝင်ပံ့ပိုးမှု၊ အလှူရှင်များ၏ကူညီထောက်ပံ့မှုတို့ကြောင့် ၂၀၁၄ ခုနှစ်က ကျောင်းဆရာ/ဆရာမ တစ်ဦးလျင် တစ်လစာအတွက် ကျပ်ငွေ (၅၀ဝ၀ဝ) ငါးသောင်းသာ ထောက်ပံ့နိုင်ခဲ့ရာမှ ယခု ၂၀၁၇ ခုနှစ်မှာ တစ်ဦးလျင် ကျပ်ငွေ (၁၀ဝ၀ဝ၀) တစ်သိန်းအထိ ထောက်ပံံ့နိုင်ခဲ့သည်ဟု ဆိုသည်။

    ပညာရေးအလှူငွေစာရင်း(MNA)
    ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဆရာတော်နှစ်ပါးအမှူးပြု၍ မွန်အမျိုးသားပညာရေးကော်မတီမှ မိစားတား၊ မိလဝီဟံ၊နိုင်ကဆော့မွန်တို့က ထိုင်းနိုင်ငံရှိ မွန်သံဃာတော်များနှင့် ထိုင်းမွန်အသင်း MAT တို့အား ဘန်ကောက်မြို့ရှိ Wat Prok မွန်ဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံကာ မွန်အမျိုးသားပညာရေးကော်မတီ် တရပ်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ၂၀၁၃ ခုနှစ်တွင် မွန်အမျိုးသားပညာရေးကို စိတ်ဝင်စားကြသော မွန်မျိုးချစ်ပုဂ္ဂိုလ်များက သံဖြူဇရပ်မြို့ ဟံသာထော်မွန်ကျောင်း၌ အစည်းအဝေးပွဲတစ်ရပ်ကျင်းပခဲ့ပြီး မွန်အမျိုးသားပညာရေး (တိုးချဲ့)ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းကာ မွန်ပညာရေး ထောက်ပံ့ရံပုံငွေရှာဖွေခြင်းနှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု သိရသည်။

    မွန်အမျိုးသားပညာရေးသည် မိခင်ဘာသာ (မွန်ဘာသာ) ကိုအခြေပြုပြီး ကလေးများကို သင်ပေးနေသည့် အတွက်ကြောင့် မှန်ကန်သောပညာရေးစနစ်ဖြစ်သည်ဟု ပညာရှင်များနှင့် UNESCO, UNICEF စသည့် ကမ္ဘာ့အဖွဲ့အစည်းများက လက်ခံကြသော်လည်း မြန်မာ့ပညာရေးစနစ်က လက်မခံခဲ့ပေ။ထိုအတူ အစိုးရထံမှလည်း ထောက်ပံ့ကြေး မရရှိခဲ့ပေ။

    မွန်ပြည်သစ်ပါတီဦးဆောင်၍ ၁၉၇၂ ခုနှစ်တွင် အစိုးရလက်လှမ်းမမီသည့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း မွန်အမျိုးသားပညာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts