မွန်ပြည်နယ်၊ ရေးမြို့နယ်၏ ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း ဖြစ်ပွားလျက်ရှိသော လူသတ်မှုအပါအဝင် သေမှုသေခင်းများအတွက် ရေလုပ်သားများအား စိတ်ပိုင်းဆိုင်ရာ ဖျောင်းဖြမှုများပေးရန်လိုအပ်ကြောင်း ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။
ပင်လယ်ပြင်၏ သဘောသဘာဝများအရ လူမှုဆက်ဆံရေးနယ်ပယ်ကျဉ်းမြောင်းသွားပြီး စိတ်ပိုင်းဆိုင်ရာအရ ဒေါသထွက်လွယ်ကြောင်း၊ ဘဝပုံစံပြောင်းသွားမှုအပေါ် လူသတ်လက်နက်များဖြစ်သည့် ငါးခွဲဓါးစသည့်လက်နက်များ ဘေးတွင်အဆင်သင့် ရှိနေသည့်အတွက် ဒေါသထွက်လာသည်နှင့်တပြိုင်နက် စိတ်မထိန်းနိုင်ပဲ ကျူးလွန်မိတတ်ကြကြောင်း ၄င်းက ပြောကြားသည်။
ယခုနှစ်အတွင်း ရေးမြို့နယ်တွင် ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့်ပတ်သက်သော သေမှုသေခင်း ၄၃ ခုဖြစ်ပွားခဲ့ပြီး ငါးဖမ်းရာသီစတင်လုပ်ကိုင်ချိန် စက်တင်ဘာလမှ ယနေ့အထိ လူသတ်မှု ၃ မှုဖြစ်ပွားခဲ့သည်။
သေမှုသေခင်းဖြစ်ပွားမှုအနေဖြင့် ကျန်းမာရေးကြောင့်ဖြစ်ပွားမှုနှုန်းများပြားပြီးရေလုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ စိစစ်သင့်ကြောင်းလည်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ပြောသည်။
” ရေလုပ်ငန်းရှင်တွေအနေနဲ့လည်း ရေလုပ်သားရှားပါးတဲ့အတွက် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့က ရေလုပ်သားမရှိရင် ခက်ခဲမယ်၊ ကျန်းမာရေးမကောင်းတာကြောင့် သေတာလဲရှိတယ်၊ ဆေးဝါးအနေနဲ့လည်း ကုသမှုခက်ခဲတယ်၊ ပါတဲ့ဆေးမြီတိုနဲ့ကုတယ်၊ ကျန်းမာရေးကြောင့်သေတာများတယ်၊ လူသတ်မှုနဲ့သေတာက နည်းတယ်၊ မတော်တဆမှုနဲ့လည်းရှိတယ်၊ ရေလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ ကျန်းမာရေးကောင်းမကောင်းလည်း စိစစ်ပေးသင့်တယ် ” ဟု ရဲမှူးခင်ညိုက ဆိုသည်။
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ပင်လယ်ငါးဖမ်းလုပ်ငန်း လူမှုဘဝဖူလုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှစ်ခုလုံးလိုအပ်တယ်လို့မြင်တယ်၊ ရေလုပ်သားနဲ့ ရေလုပ်ငန်းရှင်တွေက စီးပွားဖက်တွေပါပဲ၊ ပင်လယ်ရဲ့သဘောသဘာဝက ကြမ်းတမ်းတယ်၊ ခက်ထန်တယ်၊ အဓိက ရာသီဥတုဒဏ်၊ အထီးကျန်မှုဒဏ်၊ အဲဒါအတွက် လူမှုဖူလုံရေးအနေနဲ့ မိသားစုတွရဲ့သတင်းစကား အဆက်သွယ်ပေးပို့တာတွေ ကျန်းမာရေးအနေနဲ့ စောင့်ရှောက်မှုက ကုန်းပေါ်မှာလိုကျန်းမာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုက မရနိုင်ဘူး၊ အဓိကလိုအပ်တဲ့ဆေးနဲ့ပတ်သက်တာတွေထည့်ပေးရမယ်၊ ရှေးဦးသူနာပြုဆေးပညာတွေ လုပ်သင့်တယ်၊ ကျန်းမာရေးပြည့်ဝအောင် အာဟာရဖြစ်တဲ့အစားအစာတွေဖြည့်ဆည်းပေးရမယ်၊ ကိုယ်စိတ်ကျန်းမာရေး ဒါတွေဖြည့်ဆည်းပေးရင် အထောက်အကူပြုဖြစ်နိုင်သလို ပိုပြီးအောင်မြင်မယ်လို့ မြင်တယ် ” ဟု ပြောသည်။
ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှတ်တမ်းများအရ ရေးမြို့နယ်၏ငါးဖမ်းလုပ်ငန်းတွင် ကမ်းနီး ၂၃၅ စီး၊ ကမ်းဝေး ၁၀ဝ စီး လုပ်ကိုင်နေပြီး ရေလုပ်သား ၅၀ဝ၀ နီးပါးခန့်ရှိကာ အများစုမှာ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှဖြစ်ကြောင်း သိရသည်။
ဦးဇော်မင်းဦးက “ပင်လယ်ပြင်မှာ ကျန်းမာရေးမကောင်းတဲ့အခါမှာ၊ ချက်ခြင်းရာသီဥတုဒဏ်ကြောင့် ဖြစ်လာနိုင်တာ၊
အစားအသောက်ကြောင့်ဖြစ်တာတွေလဲရှိတယ်၊ ကျန်းမာရေးမကောင်းဖြစ်နေပေမယ့် ကဲ့လှေမလာသေးလို့ စတဲ့အခြေအနေတွေကြောင့်လည်း ဆုံးရှုံးတာတွေလဲ ရှိနိုင်တယ်၊ ဒါတွေကို ကျွန်တော်တို့က မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ပူးပေါငး်ပြီးတော့ သေသင့်လို့သေတာလား၊ မသေသင့်ဘဲသေတာလားဆိုတာကြီးကြပ်ပြီး ရေလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းဆောင်ရွက်နေတဲ့ အခြေအနေမျိုးရှိပါတယ် ” ဟု ဆိုသည်။
ရေးမြို့နယ်၌ ၂၀၁၆ ခုနှစ်အတွင်း သေမှုသေခင်းနှင့် လူသတ်ပေါင်း ၆၉ ခုဖြစ်ပွားခဲ့ပြီး သေမှုသေခင်းဖြစ်စဉ် ၅၈ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့် သေမှုသေခင်းဖြစ်စဉ်ပေါင်း ၄၅ ခုပါဝင်ကာ လူသတ်မှုဖြစ်စဉ် ၁၁ ခုအနက် ပင်လယ်ပြင်တွင်ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ပေါင်း ၆ ခုပါဝင်ခဲ့ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။