spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC လာမည့်တနင်္လာနေ့တွင် ၇ ကြိမ်မြောက်ဆွေးနွေးမည်

    ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC လာမည့်တနင်္လာနေ့တွင် ၇ ကြိမ်မြောက်ဆွေးနွေးမည်

    -

    မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ လာမည့်အောက်တိုဘာ ၂၃ ရက် တနင်္လာနေ့တွင် ရန်ကုန်မြို့၌ ၇ ကြိမ်မြောက်တရားဝင်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း UNFC ပြောခွင့်ရ နိုင်အောင်မငေးမှ သိရသည်။

    နိုင်အောင်မငေးက “ပြီးခဲ့တဲ့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲမှာ အချက် ၁ ကနေ ၄ အထိကို နှစ်ဖက်သဘောတူထားကြပြီး ဖြစ်ပါတယ်၊ ကျန်နေတဲ့အချက် ၅ ကနေ ၈ ကို ဆက်ပြီးဆွေးနွေးကြမယ်၊ ကျနော်တို့ DPN အဖွဲ့ခေါင်းဆောင် ခူဦးရယ်နဲ့ အဖွဲ့ဝင်တွေအားလုံးပါဝင်တက်ရောက်မယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ဆဌမအကြိမ်ဆွေးနွေးပွဲ(NRPC)
    UNFC မှ အဆိုပြုချက် (၈) ချက်အနက် ဆွေးနွေးရန် ကျန်ရှိနေသော နံပါတ် ၅ မှ ၈ တွင် နိုင်ငံရေးပိုင်ဆိုင်ရာတွင် မူဘောင်သုံးသပ်ခြင်း၊ တပ်ပိုင်းဆိုင်ရာတွင် JMC ယန္တရားကို ပိုမိုခိုင်မာအောင်ပြုလုပ်ရန်နှင့် နိုင်ငံတကာပါဝင်မှုနှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးစရာများ ကျန်ရှိနေခြင်း ဖြစ်သည်။

    “အချက် ၁ ကနေ ၄ ကို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ပြန်လည်သုံးသပ်ဖို့ အလွတ်သဘောပြောဆိုလာတာ ရှိပါတယ်၊ အဲဒီဆဌမအကြိမ်သဘောတူညီချက်တွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေဆီ တင်ပြထားပြီးဖြစ်တဲ့အတွက် ကျန်နော်တို့ ပြန်လည်မဆွေးနွေးလိုတော့ပါဘူး၊ ကျန်ရှိနေသေးတဲ့အချက်တွေကိုပဲ သဘောတူညီမှုအမြန်ရအောင် ဆက်ပြီးဆွေးနွေးသွားဖို့ပါ” ဟု နိုင်အောင်မငေးက ဆိုသည်။

    NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့ကြား ၁၆ လကြာဆွေးနွေးခဲ့ကြရာတွင် UNFC ၏အဆိုပြုချက်ထက်ဝက်ခန့်သာ သဘောတူညီမှုရရှိခဲ့ကြောင်း၊ UNFC အနေဖြင့် NCA လမ်းကြောင်းပေါ်အဆင်ပြေချောမွေ့စွာလျောက်လှမ်းနိုင်ရေး ကျန်ရှိသည့်အချက်များသဘောတူညီမှုရရှိနိုင်ရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့မှ လမ်းကြောင်းဖွင့်ပေးစေလိုကြောင်း ၄င်းကဆက်ပြောသည်။

    ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် ဆွေးနွေးပွဲမှ သဘောတူထားသည့် ၄ ချက်မှာ “တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံကို တည်ဆောက်သွားရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ၃ ပွင့်ဆိုင်ဖြစ်ရေးနှင့် ၂၁ ရာစုပင်လုံ ညီလာခံမှ ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ပြဌာန်းပေးရန် ဖြစ်သည်။

    ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက “အစိုးရဘက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တင်ပြလာတဲ့ ၈ ချက်လုံးကို နှစ်ဖက် အခြေခံအရတော့ NCA လမ်းကြောင်းအတိုင်းသွားမယ်ပေါ့ဗျာ။ NCA လမ်းကြောင်းအတိုင်းသွားမယ်ဆိုတာကတော့ အဖွဲ့တွေ အားလုံး လက်ခံထားပြီးသား ဖြစ်ပါတယ်။

    ဒါပေမဲ့ သူတို့ တင်ပြတာလည်း ကျနော်တို့ ဟိုဟာမဖြစ်ပါဘူး။ နှစ်ဖက် ညှိနှိုင်း ပြီးရင် ကျနော်တို့ ဒါအားလုံးကို တချို ့ မပြေလည်တာလဲ ရှိကောင်း ရှိမှာပေါ့ဗျာ။ အပြင်ကနေ ပြောနေတာထက် အထဲဝင်ပြီးတော့ ဝိုင်းဝန်းပြီး လုပ်တာကတော့ ပိုခရီးရောက်မယ်ဆိုတာလည်း ကျနော်တို့ ညှိနှိုင်းခဲ့တဲ့အတွက် ဒါကိုလည်း နှစ်ဖက် လက်ခံကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ပြောသည်။

    NLD အစိုးရလက်ထက် ၁၆ လကြာဆွေးနွေးမှုကာလများတွင် တပ်မတော်မှ မြန်မာပြည်မြောက်ပိုင်းဒေသတွင် ထိုးစစ်ဆင်ခြင်း၊ မွန်ပြည်သစ်ပါတီဧရိယာအတွင်း တပ်မတော်စစ်ရေးလှုပ်ရှားမှုကြောင့် တင်းမာမှုများဖြစ်ပေါ်ပြီး ဆွေးနွေးပွဲတစ်ဆို့မှုများရှိခဲ့ကြောင်း တွေ့ရှိရသည်။

    အဆိုပါငြိမ်းချမ်းရေးဆွေးနွေးမှုကာလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO, သျှမ်းပြည်တိုးတက်ရေးပါတီ SSPP, ဝအမျိုးသားအဖွဲ့ချုပ် WNO တို့ UNFC မှနုတ်ထွက်လိုက်ပြီး NCA စာချုပ်လက်မခံသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပူးပေါင်းပါဝင်လိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts