spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၀၁၆-၂၀၁၇ ခုနှစ် မွန်ပြည်နယ်ကျောက်မိုင်းများမှ အခွန်အခကျပ်သိန်း ၈၀ဝ ကျော်သာ ရရှိသေး

    ၂၀၁၆-၂၀၁၇ ခုနှစ် မွန်ပြည်နယ်ကျောက်မိုင်းများမှ အခွန်အခကျပ်သိန်း ၈၀ဝ ကျော်သာ ရရှိသေး

    -

    ၂၀၁၆- ၂၀၁၇ ခုနှစ်အတွက် ကျောက်မိုင်းများမှ အခွန်အခအဖြစ် ကျပ်သိန်း ၈၀ဝ သာ ရရှိသေးကြောင်း မွန်ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

    အောက်တိုဘာ ၁၉ ရက်က ကျင်ပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မိကွန်ချမ်းက ဥတ္တံတား ကျေးရွာရှိ Long Life Aggregate Mining Co,Ltd သည် ဒေသခံပြည်သူများ၏ အသက်အိုးအိ်မ် လုပ်ငန်းများ ထိခိုက်နေသောကြောင့် ဖျက်သိမ်းပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

    Long life ကုမ္မဏီ၏ လုပ်ငန်းခွင်နေရာအား တွေ့ရစဉ် (MNA)
    “အခွန်အခအနေနဲ့ကတော့ ကျောက်မိုင်းတွေမှာ ရရှိတဲ့အခွန်အခက တစ်နှစ်လုံးမှာမှ ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွက်ဆိုရင် မိုင်းတွင်းအားလုံး ၁၆ မိုင်းမှာ သိန်း ၈၀ဝ ကျော်ပဲ ကျွန်မတို့ ရရှိပါတယ်။ Long Life ဆိုရင် ကြိုတင်ငွေ ၂၅ သိန်းပဲ ပေးသွင်းထားပါတယ်။ ဝင်ငွေခွန် မရှိသေးပါဘူး”ဟု ဒေါ်မိကွန်ချမ်းက ပြောသည်။

    ကျောက်မိ်ုင်း ထုတ်လုပ်ခြင်းကြောင့် ကျေးရွာလူနေအိမ်များ ဆိုးဝါးစွာ ပျက်စီးလာပြီး ရေအရင်းမြစ်များ ပျောက်ဆုံး၍ ကျေးရွာနေပြည်သူများမှာ သောက်သုံးရေ အခက်အခဲများ ဖြစ်နေသည်။ ဥယျဉ်ခြံနှင့် လယ်ယာမြေမှာလည်း သဲနုံးများ ဖုံးလွှမ်းသည့်အတွက်ကြောင့် စိုက်ပျိုး၍မရဘဲ လယ်ပျက်၊ ခြံပျက်ဘဝနှင့် ကြုံတွေ့နေရခြင်း၊ နွေရာသီတွင် ရေအရင်းမြစ်များ ပျောက်ဆုံးသည့်အတွက် စမ်းချောင်းရေများ ခန်းခြောက်၍ ရေအခက်အခဲများ ကြုံတွေ့နေရခြင်း၊ မိုးရာသီရောက်သည့်အခါတွင် သဲနုံးများ အနည်ထိုင်ကျရောက်ခြင်း ကြောင့် ချောင်းမြောင်းများ တိမ်ကော၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည်ဟု သိရသည်။

    အဆိုပါ မေးခွန်းအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ဒေါ်မိကွန်ချမ်း တင်ပြသွားတာက ပေါင်မြို့နယ် ကုလားမတောင် ကြိုးဝိုင်း အကွက်နံပတ် ၄၇ ထဲမှာ ရှိပါတယ်။ ကျောက်ထုတ်နေတဲ့ ဧရိယာဟာ အမြင့်ဆုံးတောင်မှာ ဖြစ်ပါတယ်။ ကျောက်ထုတ်နေတဲ့ ကုမ္မဏီက တောင်ခြေကနေ မထုတ်ဘဲနဲ့ သူက အမြင့်ပေ ၁၅၀ဝ ခန့်ကနေပြီးတော့မှ တောင်အလယ်ပိုင်းက စပြီး ထုတ်လုပ်နေကြောင်း တွေ့ရှိရပါတယ်” ဟု ဖြေဆိုသည်။

    အဆိုပါ ကုမ္မဏီမှာ ၂၀၁၄ ခုနှစ်တွင် မူလက ပစိဖိတ်ညီအစ်ကို သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်ပြီး Long Life Aggregate Co,Ltd အဖြစ်အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ၂၀၁၅ ခုနှစ်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

    “မွန်ပြည်နယ်သစ်တောဦးစီးဌာနနဲ့ ကုမ္ပဏီတို့ တစ်နှစ်ချင်း စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုရာမှာ ၂၀၁၇- ၂၀၁၈ ခုနှစ်အတွက် မွန်ပြည်နယ် အစိုးရထံ သဘောထားမှတ်ချက် တောင်းခံခဲ့ပါတယ်။ သဘောထားမှတ်ချက် ခွင့်ပြုချက် ရမှသာလျှင် ကျွန်တော်တို့ ဆက်လက်သက်တမ်းတိုးလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီက ဆက်လက်ဖြေဆိုသည်။

    ပေါင်မြို့နယ်တွင် လမ်းခင်းကျောက်ထုတ်လုပ်သည့် ကျောက်မိုင်းပေါင်း ၈ မိုင်း ခွင့်ပြုထားပြီး ယင်းတို့အထဲမှ နှစ်ရှည်စီမံကိ်န်းအဖြစ် နှစ် ၃၀ ထုတ်လုပ်ခွင့်ပြုထားသော ကျောက်မိုင်း ၄ မိုင်းရှိသည်။ ကျန်သည့် ကျောက်မိုင်းများအား တစ်နှစ်တစ်ခါလုပ်ပိုင်ခွင့်များ ပြုထားသည်။ အချို့ကျောက်မိုင်းများမှာ လူနေအိမ်နှင့် ဝေးကွာနေပေသော်လည်း အချို့မှာ ကျေးရွာအနီးအနားတွင် တည်ရှိနေသည်။ ဥတံ္တတား ကျေးရွာအနီးရှိ တောင်မှာ ပေ ၃၀ဝ၀ ကျော်အမြင့်ရှိပြီး အလွန်မတ်စောက်၍ ဘေးနှစ်ဘက်တွင် တောင်ကျချောင်းနှစ်ခု တည်ရှိနေသည်။ ယခင်အစိုးရလက်ထက်တွင် အများပြည်သူ ကန့်ကွက်နေသည့်ကြားမှ ယင်းကုမ္ပဏီကို ကျောက်မိုင်းထုတ်လုပ်ရန်အတွက် မြေဧက ၂၂၅ ဧက အကျယ်အဝန်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါတောင်ခြေ၏ အောက်ခြေတွင် လူနေအိမ်ခြေ ၁၃၀ဝ နေထိုင်လျက် ရှိသည်ဟု သိရသည်။

    “အခွန်အခအနေနဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်အတွက် အနည်းငယ်သာ ရရှိပါတယ်။ ရလာတာနဲ့ ပေးဆပ်ရတဲ့ ပြည်သူလူထုရဲ့ ထိခိုက်နစ်နာမှုက တန်ရဲ့လားဆိုတာကိုလည်း ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်”ဟု ဒေါ်မိကွန်ချမ်းက ပြောသည်။

    ပထဝီအနေအထားနှင့်ကြည့်မည်ဆိုပါက တောင်ထိပ်မှ ကျောက်မိုင်းထုတ်လုပ်နေသည့်အတွက် တောင်အောက်ခြေတွင် ကျောက်မိုင်းဖောက်ခွဲသည့်အခါ မိုင်းဧရိယာ ၂ မိုင်ပတ်ဝန်းကျင်၌ ရှိနေသော ကျေးရွာ များသည် တုန်ခါသောအသံကြောင့် ထိတ်လန့်စွာ နေထိုင်နေရပြီး မသမာသူ အဖျက်သမားများ လက်ထဲသို့ သိုလောင်ထားသော ခဲယမ်းများ ရောက်ရှိခဲ့ပါက မလိုလားအပ်သည့် ဆိုးကျိုးများ ဥပမာ- တောင်ပြိုခြင်း၊ မြေပြိခြင်းများ ဖြစ်ပေါ်နိုင်မည်ကို ပြည်သူများ စိုးရိမ်နေကြပြီး ပြင်းအားမြင့် ယမ်းအားများ အသုံးပြုသည့်အတွက်ကြောင့် ဂေဟစနစ်ပျက်စီးပြီး သဘာဝ ပတ်ဝန်းကျင် ဆိုးဝါးစွာ ထိခိုက်မှုတွေ ဖြစ်ပေါ်နေသည်ဟု သိရသည်။ ယင်းကျောက်မိုင်းများအပေါ် ဒေသခံပြည်သူများ မကျေနပ်သည့်အတွက် ၃ ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့သော်လည်း အလေးထားမှုမရှိခဲ့ဘဲ ကန့်ကွက်ဆန္ဒပြသည့် ပြည်သူတစ်ဦးကိုပင် ထောင် ၃ နှစ်ချမှတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts