ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ဘတ်ဂျက် ၉ ဘီလီလျံ အကုန်ကျခံကာ ဆောင်ရွက်နေပြီး လာမည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်လုပ်ဆောင်ပြီးပါက ၆ နာရီခရီးသာကြာမြင့်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက“ ရထာလမ်းတွေ အဆင့်မြှင့်တင်တာ ပြီးကုန်မှ အဆင့်မြင့်ရထားတွဲတွေ အစားထိုးမယ်။ အဲဒီအခါကျရင် တုန်တာ ခါတာတွေ မရှိတော့ဘူး။ ပြီးတော့မှ ရန်ကုန်နဲ့ မော်လမြိုင်ကို ၆နာရီနဲ့အရောက်သွားနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်နေတယ် ” ဟု ပြောသည်။
မွန်ပြည်နယ်ဘက်တွင် ရထားလမ်းပိုင်းမိုင်ပေါင်း (၉၀)ကျော်ခန့်ရှိပြီး ကိုးချောင်းဆက် သံလမ်းအဖြစ် အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။
“ လုပ်တာကတော့ ရန်ကုန်ကနေ ပဲခူးထိရောက်တယ်။ ပဲခူးကနေ စစ်တောင်းအထိ ၊ စစ်တောင်းကနေ တောင်စွန်းအထိ မိုင် (၃၀) စီ ရှိပြီးတော့ နှစ်အလိုက်ရတဲ့ ဘတ်ဂျက်ကို သုံးပြီးတော့မှ ကိုးချောင်းဆက် သံလမ်းတွေ လုပ်နေကြတာပေါ့။ ကိုးချောင်းဆက်သံလမ်းဆိုတာ ကျောက်တွေ အပြည့်အဝထည့်ရတယ်။ နောက်ပြီး လမ်းတွေရဲ့အနေအထား အနိမ့်အမြင့်တွေကို လိုက်ပြီး ထိန်းညှိရတယ်။ နောက်ထပ် ဒီဘက်မှာ မိုင် (၃၀)ကျော်လောက် ထပ်လိုဦးမယ်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်ကျမှ ပြီးပြတ်မယ်လို့ ထင်တယ် ” ဟု ၄င်းက ဆိုသည်။
အဆိုပါ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားလုံး ပြီးစီးသွားပါက အဆင့်မြင့် ရထားတွဲများ အစားထိုးပေးသွားမှာဖြစ်ပြီး ရထားဘူတာများကိုလည်း တဆက်တည်း အဆင့်မြှင့်တင်ပေးသွားဖြစ်ကြောင်း သိရသည်။
ရန်ကုန် – မော်လမြိုင် ရထားလမ်းပိုင်းကို ဇင်းကျိုက် ၊ မုပ္ပလင် ၊ ရင်းငြိမ် စသည့် မွန်ပြည်နယ်ရှိ ကျောက်မိုင်းများမှ ထွက်ရှိသော ကျောက်များ ၊ မုတ္တမကွန်ကရစ် ဇလီဖားတုံးစက်ရုံမှ ထုတ်လုပ်သော ဇလီဖားတုံးများနှင့် ပေါင်ဘူတာရှိ ကိုးချောင်းဆက် သံလမ်းအလုပ်ရုံမှ သံလမ်းများဖြင့် အဆင့်မြှင့်တင်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာ့မီးရထား တိုင်းအမှတ် – ၈ အင်ဂျင်နီယာ ဦးမျိုးဇော်တူးက “ရထားလမ်းပိုင်းကတော့ တောင်စွန်းကနေ မော်လမြိုင်ထိ ကျန်ရှိနေသေးတယ်။ အဆင့်မြှင့်တင်ဖို့ အတွက် အခက်အခဲ မရှိပါဘူး။ မိုင်နှုန်းမြှင့်တင်ဖို့အတွက်တော့ အခက်အခဲတွေ ရှိနေသေးတယ်။ တရားမဝင် ကားလမ်းကူးတွေ လှည်းလမ်းကူးတွေ များနေတယ်။ အဲဒါတွေကို အာဏာပိုင် အဖွဲ့အစည်းတွေ ဒေသခံတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်မှပဲ အဆင်ပြေနိုင်မယ်” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန် – မော်လမြိုင် ရထားခုတ်မောင်းချိန် ပျမ်းမျှ ၉နာရီဝန်းကျင် ကြာမြင့်နေပြီး အဆင့်မြှင့်တင်ပြီးပါက ၆ နာရီသာ ကြာမြင့်တော့မှာဖြစ်ကြောင်း ရန်ကုန်ဘူတာမှ ပဲခူးဘူတာအထိ ၄၆ ဒဿမ ၅ မိုင် ၊ ပဲခူးဘူတာမှ စစ်တောင်းတံတားအထိ ၃၁ မိုင် ၊ စစ်တောင်းတံတားမှ တောင်စွန်းဘူတာအထိ ၃၂ ဒဿမ ၅ မိုင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။