spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်လွှတ်တော်ဝန်ထမ်းထံမှငွေတောင်းသည့် ဦးစီးအရာရှိ ရာထူးလျှော့ချ ပြောင်းရွှေ့ခံရ

    မွန်လွှတ်တော်ဝန်ထမ်းထံမှငွေတောင်းသည့် ဦးစီးအရာရှိ ရာထူးလျှော့ချ ပြောင်းရွှေ့ခံရ

    -

    မွန်ပြည်နယ်လွှတ်တော် ဝန်ထမ်းအသစ်ထံတွင် ငွေကြေးတောင်းခံသည်ဆိုသည့် ဦးစီးအရာရှိကို ရာထူးလျှော့ချ ပြောင်းရွှေ့ခြင်းဖြင့် အရေးယူခံရသည်ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

    ငွေကြေးတောင်းခံသည်ဟု တိုင်ကြားခံထားရသည့် အဆိုပါဦးစီးအရာရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလုပ်ထုံးလုပ်နည်းဥပဒေအရ စစ်ဆေးရာ စစ်ဆေးတွေ့ရှိချက်ပေါ်ပေါက်သည့်အတွက် အောက်တိုဘာ ၁၂ ရက်နေ့က ဝန်ထမ်းဥပဒေဖြင့် အရေးယူလိုက်ခြင်းဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော်(Internet)
    “စစ်ဆေးတွေ့ရှိချက်အရ သူက ငွေတောင်းတာပဲရှိသေးတယ်၊ ပိုက်ဆံမယူရသေးတော့ ဝန်ထမ်းဥပဒေအရ ရာထူး တစ်ဆင့်ချလိုက်ပြီးတော့ ကရင်ပြည်နယ်ကို ပို့လိုက်တယ်၊ အမိန့်ထုတ်ပြန်ချက်အရ ဒီနေ့ (အောက်တိုဘာလ ၁၆) မှာ ကရင်ပြည်နယ်ကို သွားလိုက်ပြီး၊ လျှော့ချလိုက်တဲ့ ရာထူးက သူ့အတွက် တော်တော် နစ်နာပါတယ်” မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

    အရေးယူခံရသည့် ဦးစီးအရာရှိသည် ဦးစီးအရာရှိရာထူးမှ စီမံ (၁) ရာထူး လျော့ချခံရကြောင်း အဆိုပါမူလရာထူး ပြန်လည်ရရှိရန် ကာလကြာမြင့်စွာ ကြိုးစားရမည်ဟု ၄င်းက ဆက်ပြောသည်။

    အသစ်ခန့်အပ်ခံရသည့် လွှတ်တော်အငယ်တန်းစာရေး ၅ ဦးထံမှ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် ညွှန်ကြားရေးမှူးတို့အား ကန်တော့ရန်ဟုဆိုပြီး တစ်ဦးလျှင် လစာနှစ်လစာနှင့်ညီမျှသည့် ငွေကျပ် ၃ သိန်း တောင်းခံသည်ဆိုပြီး ဦးစီးမှူးအဆင့်ရှိ လွှတ်တော်ဝန်ထမ်းတစ်ဦးကို အရေးယူပေးပါရန် အငယ်တန်းစာရေးတစ်ဦးမှ ဇူလိုင် ၄ ရက်နေ့က လွှတ်တော်သို့ တိုင်ကြားခဲ့သည်။

    အဆိုပါ တိုင်ကြားချက်အပေါ် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာလေ့လာသုံးသပ်စိစစ်ရေးကော်မတီတို့မှ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စစ်ဆေးချက်များအရ အမှန်တကယ်ဖြစ်ခဲ့ကြောင်းကို ပြည်နယ်အစိုးရနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ပေးပို့ခဲ့သည်။ ယင်းနောက် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့ရာ စစ်ဆေးတွေ့ရှိချက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

    နိုင်ငံ့ဝန်ထမ်းတို့သည် စုံစမ်းစစ်ဆေးမှုအရ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြစ်မှုပြစ်ဒဏ်တို့ဖြင့် ပြစ်မှုကျူးလွန်သည့်အပေါ်မူတည်ပြီး ပြစ်ဒဏ်အဆင့်ဆင့်တို့ဖြင့် အရေးယူဆောင်ရွက်ရသည်ဟု ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောခဲ့သည်။

    ၄င်းပြင် နိုင်ငံ့ဝန်ထမ်းတို့သည် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေအရ ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဥပဒေဘောင်ကျော် လုပ်ခဲ့ပါကလည်း လုပ်ခဲ့သည့်အလျောက် အရေးယူခံရမည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts