spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းNCA ၂ နှစ်ပြည့်အခမ်းအနားတက်ရောက်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် UNFC အဖွဲ့တို့အား အစိုးရသဘောတူဟုဆို

    NCA ၂ နှစ်ပြည့်အခမ်းအနားတက်ရောက်ရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် UNFC အဖွဲ့တို့အား အစိုးရသဘောတူဟုဆို

    -

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခွင့်ပြုရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ညီညွှတ်သောတိုင်းရင်းသာလူမျိုး များဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တို့အား တက်ရောက်ခွင့်ပြုရန် အစိုးရက သဘောတူညီလိုက်သည် ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

    ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၉ ရက်နှင့် ၁၀ ရက်က ကျင်းပသော NCA လက်မှတ်ရေး ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေးအပြီးတွင် ဦးခွန်မြင့်ထွန်းက သတင်းမီဒီယာများအား ရှင်းလင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

    PPST ခေါင်းဆောင်များသတင်းစာရှင်းလင်းပွဲ-ဇူလိုင်လ ၂၀၁၇-ချင်းမိုင် (KNU HQ)
    “ဒီနေ့မှာ အစိုးရက ကိုယ်စားလှယ်တွေနဲ့ ကျွန်တော်တို့ဘက်က ကိုယ်စာလှယ်အဖွဲ့တွေနဲ့ နေပြည်တော်မှာ ဆွေးနွေးလို့ ပြီးပါပြီ။ ဆွေးနွေးမှုကိုတော့ ကျွန်တော်တို့ ဒီမြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရော UNFC ရော ဖိတ်ကြားဖို့ကို ကျွန်တော်တို့ဘက်က အဆိုပြုပါတယ်။ အဲဒီအဆိုပြုမှုကို အစိုးရကလည်း လက်ခံပြီးတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရော UNFC ရော ဒီအခမ်းအနားကို ဖိတ်ကြားဖို့အတွက် နှစ်ဖက်သဘောတူညီပြီး ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

    UNFC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကို NCA နှစ်နှစ်ပြည့်အခမ်းအနားတက်ရောက်နိုင်ရန်အတွက် PPST အစည်းအဝေးတွင် ဆွေးနွေးပြီးနောက် နေပြည်တော်တွင် ရောက်ရှိနေသော ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့များတွေ့ဆုံရာတွင် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အစိုးရမှ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

    “ကျွန်တော်တို့ရဲ့ သဘောထားကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်တဲ့အခါမှာ NCA အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ပြီးတော့ တည်ဆောက်ဖို့ဆိုရင် ကျွန်တော်တို့ ၈ ဖွဲ့ ထဲနဲ့ ဖော်ဆောင်လို့ မရပါဘူး။ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ပြီးရင် ကျွန်တော်တို့ ၈ ဖွဲ့ရယ် ဒီလောက် နဲ့ ဖော်ဆောင်လို့မရဘူး။ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်ရမယ်ဆိုတဲ့ NCA ပြဋ္ဌာန်းချက်အတိုင်း ညီနောင်များအားလုံးပါဝင်မှသာလျှင် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ ဒီယုံကြည်ချက် နဲ့ ကျွန်တော်တို့အဆို တင်ခဲ့တာဖြစ်ပါတယ်”ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

    အဆိုပါ NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းအခမ်းအနားသို့ UNFC အဖွဲ့အနေဖြင့် တက်ရောက်မည်၊ မတက်ရောက်မည်ကို ယင်းအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးအား မွန်သတင်းအေဂျင်စီမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်လက်နက်ကိုင်အဖွဲ့(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အဖွဲ့တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks