spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ရာဘာအစေးခြစ်လုပ်သားရှားပါး

    ရေးမြို့နယ်တွင် ရာဘာအစေးခြစ်လုပ်သားရှားပါး

    -

    ယခုနှစ်မိုးနှောင်းကာလ ရာဘာအစေးခြစ်ရာသီစတင်ချိန်၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသတဝိုက်တွင် လုပ်သားရှားပါးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

    ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်မှ ရာဘာခြံပိုင်ရှင် ဦးကျော်နိုင်က “လုပ်သားတွေက ရာဘာအပင်ကိုလည်း ရွေးချယ်တယ်၊ သက်ရင့်အပင်ကြီး အရိုင်းပင်တွေက အစေးထွက်လဲနည်းလို့ မခြစ်ချင်ကြဘူး၊ ကိုင်းဆက်အပင်တွေက ခြစ်ရလွယ်ပြီး အစေးထွက်များလို့လည်း ရွေးချယ်ကြတယ်၊ တောင်ကုန်းတွေပေါ်မှာစိုက်ထားတဲ့ခြံတွေနဲ့ မြို့နဲ့အလှမ်းဝေးတဲ့ခြံတွေအတွက် လုပ်သားခေါ်ယူရတာ ပိုပြီးခက်ခဲတယ်၊ ဈေးပိုပေးပြီး ခေါ်ယူနေကြရတယ် ” ဟု ဆိုသည်။

    ရာဘာစေးမှ ကြိတ်ပြားများထုတ်လုပ်စဉ်(MNA)
    ရာဘာခြစ်လုပ်ခနှုန်းထားပုံစံအမျိုးမျိုးရှိပြီး တစ်လလျှင် တစ်ပင်ခြစ်ခ ၂၅၀ ကျပ်ဝန်းကျင်နှုန်းဖြင့်လည်းကောင်း၊ ပိုင်ရှင်နှင့် လုပ်သား ၆ အချိုး ၄ (သို့မဟုတ်) ၇ အချိုး ၃ (သို့မဟုတ်) ထက်ဝက်စားပုံစံဖြင့်လည်းကောင်း ခြံ၏အနေအထားအလိုက် ဈေးနှုန်းများညှိနှိုင်းသတ်မှတ်ကြကြောင်း ခြံရှင်များက ပြောသည်။

    ကျောင်းရွာမှာ ရာဘာခြံရှင် ဦးအောင်မျိုးက ” လွန်ခဲ့တဲ့ ၄ နှစ်လောက်က ရာဘာဈေးကျတော့ အလုပ်သမားတွေ အခြားနေရာဘက်ကို ရောက်ကုန်တယ်၊ ခြံက အဝေးမှာလည်းဖြစ်တယ်၊ တောင်ကုန်းတွေလည်းဖြစ်တဲ့ ခြံတွေအတော်များများ ရပ်နားထားခဲ့ရတယ်၊ မနှစ်က ရာဘာဈေးပြန်ကောင်းလာတဲ့အချိန် အပြိုင်အဆိုင် အလုပ်သမားခေါ်ကြတော့ မြို့နဲ့နီးတဲ့နေရာ၊ အထွက်ကောင်းတဲ့နေရာတွေသွားကြပြီးတော့ဝေးလံပြီး တောင်ကုန်းရှိတဲ့နေရာ၊ သက်ရင့်ပင်တွေရှိတဲ့ခြံတွေမှာ မလုပ်လိုကြဘူး ” ဟု ဆိုသည်။

    ဒေသအတွင်းရှိ အစေးခြစ်လုပ်သားများမလုံလောက်သဖြင့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ လုပ်သားအများစုကို အဓိကခေါ်ယူအသုံးပြုနေရသည်ဟု သိရသည်။

    ”ရာဘာလုပ်ငန်းက အလုပ်သမားမရှိရင် မရပ်တည်နိုင်ဘူး၊ သူတို့တွေအတွက် လိုအပ်တာတွေဖြည့်ဆည်းပေးပြီး ဆွဲဆောင်နေရတယ်၊ လိုအပ်တာပံ့ပိုးမှုပေးပြီးခေါ်ထားပေမယ့် အခြားခြံတွေက ဈေးပိုပေးပြီးခေါ်ရင် ပါသွားတာလဲရှိလို့ ဆုံးရှုံးမှုတွေရှိနေတာကိုလည်း တွေ့ရတယ်၊ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီသဘောမျိုး လုပ်နေရတာပဲ ” ဟု
    ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်နေ ရာဘာခြံပိုင်ရှင် ဦးမြသန်းက ဆိုသည်။

    များသောအားဖြင့် ခြံရှင်နှင့်အလုပ်သမား အချိုးစနစ်ဖြင့်ခွဲဝေယူသည့်ခြံများတွင် အစေးအထွက်ပိုများအောင် အပင်တွေကို မညှာမတာခြစ်သဖြင့် အပင်သက်တမ်း ရေရှည်မခံကြောင်း ရာဘာခြံပိုင်ရှင်များက ပြောသည်။

    စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧကပေါင်း ၄၉၃,၂၉၀ ဧကရှိသည့်အနက် ရေးမြို့နယ်တွင် ၁၅၁,၈၂၈ ဧကအများဆုံးဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks