spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကျောင်းများကို ပြည်နယ်အစိုးရအဖွဲ့ ကူညီပေးရန်အဆင်သင့်ရှိ

    မွန်အမျိုးသားကျောင်းများကို ပြည်နယ်အစိုးရအဖွဲ့ ကူညီပေးရန်အဆင်သင့်ရှိ

    -

    မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားပညာရေးကျောင်းများ အကူအညီတောင်းခံလာပါက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီပေးရန် အဆင်သင့်ရှိသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

    စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မွန်အမျိုးသားကျောင်းများကို ကူညီထေက်ပံ့ပေးနိုင်ရန်မေးခွန်းနှင့် ပတ်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ထိုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    မူလတန်းအဆင့် မွန်ကျောင်းသားစာသင်ခန်း(MNA)
    “မွန်အမျိုးသားကျောင်းများအတွက် အခွင့်အလမ်းရရှိရန်နှင့် ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ဥပဒေပြဌာန်းချက်အရ ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနထံ ညှိနှိုင်းတောင်းဆိုသင့်ကြောင်း၊ နောက်တခုအနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရအဖွဲ့ကို အကူအညီတောင်းခံဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ စိတ်စေတနာကောင်းစွာနဲ့ ကူညီပေးဖို့အဆင်သင့်ရှိပါတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    လက်ရှိမွန်ပြည်နယ်အတွင်း မွန်၊ ကရင်၊ ဗအိုဝ်းစသည့် တိုင်းရင်းသားစာပေကိစ္စနှင့် ပတ်သက်ပြီး အားရစရာမရှိသေးသည့်အပြင် မွန်စာကို အဓိကသင်ကြားနေသည့် မွန်အမျိုးသားကျောင်းများသည်လည်း အလွန်အားနည်းနေသည့်အနေအထားအပေါ် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီထောက်ပံ့မှု ဆောင်ရွက်ပေးသင့်သည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    ၄င်းက “တိုင်းရင်းသားတွေကို ထောက်ပံ့ဖို့သတ်မှတ်လျာထားတဲ့ ဘဏ္ဍာရံပုံငွေကနေ မွန်အမျိုးသားကျောင်းအချို့မှာ လိုအပ်နေတဲ့ အဆောက်အဦးပိုင်းဆိုင်ရာကို ဖြစ်စေ၊ ကျောင်းသုံးသင်/ထောက်/ ကူ ပစ္စည်းများကိုဖြစ်စေ ဝယ်ယူဆောင်ရွက်နိုင်ဖို့ ထိုက်သင့်တဲ့ဘဏ္ဍာငွေကြေးတွေကို ကူညီ ထောက်ပံ့သင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။

    မွန်အမျိုးသားပညာရေးကော်မတီ MNEC အနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် မွန်အမျိုးသားကျောင်းများ လိုအပ်သည့် ကျောင်းထောက်ပံ့ကြေး၊ ကျောက်သုံးစာအုပ်နှင့် စာရေးကိရိယာနှင့် KG သူငယ်တန်းဖတ်စာအုပ်များ ကူညီထောက်ပံ့ပေးရန် တင်ပြထောင်းခံထားမှုရှိကြောင်း လက်ရှိတွင် ကျောက်သုံးစာအုပ် ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများသာ ရရှိသေးကြောင်း မွန်အမျိုးသားပညာရေး ကော်မတီ တာဝန်ခံ မင်းအောင်ဇေက ပြောသည်။

    မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများသည် မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို သင်ကြားခြင်းဖြစ်ပြီး အလှူရှင်တို့၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်လျက်ရှိသည်။

    ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မွန်အမျိုးသားပညာရေးကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသား ၁ သိန်း ၇ သောင်းကျော်ရှိကာ ကျောင်းဆရာ ဆရာ ၈၀ဝ နီးပါးတို့က ပညာသင်ကြားပေးလျက်ရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီ MNEC ထံမှ သိရသည်။

    မွန်အမျိုးသားပညာရေးကော်မတီအနေဖြင့် မွန်အမျိုးသားပညာရေးကျောင်းများ ရေရှည်ရပ်တည်နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေစုဆောင်းခြင်း အစီအစဉ်ကို လုပ်ဆောင်ရန် စီစဉ်လျက်ရှိနေသည်။

    မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပါတီ တပ်တည်ဧရိယာနှင့် နီးစပ်သည့် မွန်ပြည်နယ် ရေးမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ်ဒေသများအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ဂရိတ်မြို့နယ်တို့တွင် မွန်စာကို မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်းများရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks