Thursday, March 19, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ် ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်ရေးသားသည့် “အတိတ်၏ အရိပ်” ပြန်လည်ထုတ်ဝေ

    မွန်ပြည်သစ် ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်ရေးသားသည့် “အတိတ်၏ အရိပ်” ပြန်လည်ထုတ်ဝေ

    -

    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင် ကိုယ်တိုင် ရေးသားခဲ့သည့် “အတိတ်၏ အရိပ်” စာအုပ် ပြန်လည်ထုတ်ဝေသည့် မိတ်ဆက်ပွဲ အခမ်းအနားအား သြဂုတ်လ (၃၀) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမည ဟိုတယ်၌ ကျင်းပ၍ ဆက်လက်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

    မွန်၊ မြန်မာ နှစ်ဘာသာဖြင့် စာမျက်နှာ (၂၀ဝ) ကျော် ပါဝင်သည့် ၄င်းစာအုပ်ကို ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေခြင်း ဖြစ်ကြောင်း၊ ၁၉၅၂ ခုနှစ်စ၍ ၂၀ဝ၃ ခုနှစ်အထိ နိုင်ရွှေကျင် ဘဝဖြတ်သန်းခဲ့သည့် မွန်ပြည်သူ့ တပ်ဦးနှင့် မွန်ပြည်သစ်ပါတီ တော်လှန်ရေး ခရီးကြမ်း အတွေ့အကြုံများကို အဓိကရေးသားဖော်ပြထားခြင်း ဖြစ်ကြောင်း ဆဝေါ့ဒ်မွန်စာပေမှ ထုတ်ဝေသူ မင်းစောနွယ်က ပြောသည်။

    နိုင်မြင့်သန်း ရှင်းလင်းပြောကြားစဉ်(MNA)
    မွန်တော်လှန်ရေး စတင် ပေါ်ပေါက်ရန် စတင် ကြိုးပမ်းခဲ့မှုများ၊ အခြား ဘဝတူ တိုင်းရင်းသား များ၏ လက်နက်ကိုင် တော်လှန်ရေး ဖြစ်တည် ပေါ်ပေါက် လာမှုများနှင့် အစိုးရ အာဏာပိုင် များမှ ဖိနှိပ် ကန့်သတ်ခဲ့မှု များအား ဤစာအုပ်တွင် နိုင်ရွှေကျင် ရေးသားဖော်ပြထားသည်ဟု ဆိုသည်။

    “ဒီစာအုပ်မှာ မွန်တော်လှန်ရေးကို အခက်အခဲတွေကြားက ဘယ်လို တည်ထောင်ခဲ့သလဲ၊ နောက်ပြီး မွန်ပြည်သူတွေရဲ့ ကျေးဇူး တရားတွေ ၊ မွန်တော်လှန်ရေး အဖွဲ့တွေကို အခက်အခဲကြားက မွန်ပြည်သူတွေ ဘယ်လို ပံ့ပိုး ကူညီခဲ့လဲ၊ မွန်တွေ အမြင်ကွဲပြီး ပါတီကွဲကြပြီး ဘယ်လို ပြန်လည် ပေါင်းစည်း ကြလဲ ဆိုတာကို သင်ခန်းစာ ယူနိုင်ပါတယ်” ဟု မင်းစောနွယ်က ပြောသည်။

    မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်သည် တိုးတက်သည့် ခေတ်အမြင်ရှိပြီး စာဖတ်အား ကောင်းကြောင်း၊ ခေတ်ပညာတတ် လူငယ်များကို မြေတောင် မြှောက်ပေး လိုစိတ် ရှိသည့် ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ကြောင်းလည်း ၎င်း၏ ကိုယ်ရေး အရာရှိ အဖြစ် (၄) နှစ်ကြာ တာဝန်ယူ ခဲ့ဖူးသည့် နိုင်မြင့်သန်းက ပြောသည်။

    နိုင်မြင့်သန်းက “ ဥက္ကဋ္ဌ(နိုင်ရွှေကျင်) က ပညာတတ် တစ်ယောက်လဲ ဖြစ်တယ်၊ သူက အထက်တန်းကျောင်းရော ကောလိပ်ရော အင်္ဂလိပ်ကျောင်းမှာပဲ နေခဲ့သူဖြစ်တယ်၊ စိတ်ဓာတ် ကြံ့ခိုင်သူ တစ်ယောက်လဲ ဖြစ်တယ် ၊ သူသွားချင်တဲ့ ပန်းတိုင်ကိုလဲ ဘယ်သူတွေ ဘာပဲ ပြောပြော ရောက်အောင် သူသွားတယ်၊ စည်းကမ်းလဲ ကြီးတယ်” ဟု ဆိုသည်။

    နိုင်ရွှေကျင်သည် မော်လမြိုင်မြို့နယ် အတွင်းရှိ ကတိုးကော့နှပ်ကျေးရွာဇာတိဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘလွင် ဖြစ်သည်။

    ၁၉၄၈ ခုနှစ်တွင် တနင်္သာရီစာစောင်၌ သီးခြား မွန်ပြည်နယ် တောင်းဆိုသည့် ရေးသား ထုတ်ဖော်မှုကြောင့် မွန်ရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး နိုင်စံသူနှင့်အတူ မန္တလေးနှင့် ရွှေဘို ထောင်များတွင် (၃) နှစ်ခန့် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရဘူးသည်။

    ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌအဖြစ် နိုင်ရွှေကျင် စတင်တည်ထောင်ခဲ့ပြီး အသက် (၉၃) အရွယ် ၂၀ဝ၃ ခုနှစ် မတ်လ (၃) ရက်နေ့က မော်လမြိုင်မြို့နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks