spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအစိုးရမှ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးရေးကို အာရုံစိုက်ပေးရန် BNI တောင်းဆို

    အစိုးရမှ တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးရေးကို အာရုံစိုက်ပေးရန် BNI တောင်းဆို

    -

    တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရမှ အာရုံစိုက်ပေးရန် နိုင်ငံတကာ မြန်မာသတင်းအဖွဲ့(Burma News International – BNI)မှ ဦးဇင်လင်းက တောင်းဆိုလိုက်သည်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ဩဂုတ် ၂၉ ရက်က ကျင်းပရာတွင် ဦးဇင်လင်းက ပြောကြားခြင်းဖြစ်သည်။

    KIC အယ်ဒီတာချုပ် နန်းဖောဂေ(MNA)
    ”ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်မှာ တိုင်းရင်းသားတွေရဲ့ အသံဟာ စုံစုံလင်လင် ပါလာခြင်း အားဖြင့် ကျွန်တော်တို့ အချက်အလက်တွေ ပိုရလာမယ်။ အဖြေထုတ်ဖို့ ပိုပြီးလွယ်ကူလာမယ်။ ဒါကြောင့် ဒီအဆက်စပ်တွေကို ကြည့်ခြင်းအားဖြင့် ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်တဲ့နေရာမှာ တိုင်းရင်းသားသတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးပါလို့ ပြန်ကြားရေးဝန်ကြီးဌာနအပါအဝင် ယူနက်စကို အစရှိတဲ့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးနေတဲ့ တာဝန်ရှိသူများကို အာရုံစိုက်ပေးဖို့အတွက် ကျွန်တော်တို့က ဒီကနေ မေတ္တာရပ်ခံပါတယ်။ တိုင်းရင်းသားတွေရဲ့အသံဟာ ဒီကနေ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့အတွက် သူတို့ရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့ အလွန်ရေးကြီးပါတယ်” ဟု ဦးဇင်လင်းက ပြောသည်။

    တိုင်းရင်းသားမီဒီယာများ ဖွံ့ဖြိုးရေးအနေဖြင့် ၂ နှစ်တာကာလအတွင်း တိုင်းရင်းသားမီဒီယာသတင်းဌာန ၅၀ ခန့် ပေါ်ပေါက်လာပြီး တရားဝင်တိုင်းရင်းသားမီဒီယာများ ပိုမိုပေါ်ပေါက်လာပါက ပဋိပက္ခများကို ပိုမိုဖြေရှင်းနိုင်မည်ဟု မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

    ကရင်သတင်းစဉ် KIC အယ်ဒီတာချုပ် နန်းဖော်ဂေက ”သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကတော့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မီဒီယာဟာ တစ်စုံတစ်ရာပြောင်းလဲမှုတွေ၊ ပွင့်လင်းမြင်သာမှုတွေ ရှိလာတယ်။ သတင်းတွေ တရားဝင်ရေးသားဖော်ပြဖို့အတွက် တရားဝင် ချဉ်းကပ်မှုတွေ ရလာတယ်။ သို့သော်လည်း စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေသေးတယ်။ အခုချိန်ထိ ကျွန်မတို့မီဒီယာတွေ လုံးဝတိုးတက်ပြီလို့ ပြောလို့တော့ မရသေးဘူး။ အားလုံးသိတဲ့အတိုင်း မီဒီယာသမားတွေကို ချုပ်ခြယ်မှုတွေ၊ တရားစွဲဆိုမှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ သတင်းရင်းမြစ်တွေကိုလည်း ဖမ်းဆီးမှုတွေ ရှိနေတဲ့အချိန်မှာ ကျွန်မတို့ရဲ့ ပဋိပက္ခအခြေအနေတွေကို လည်း ကြားသိကြမှာပါ။ “ဟု ပြောသည်။
    ထို့အတူ ပြဋ္ဌာန်းထားပြီးဖြစ်သည့် သတင်းမီဒီယာဥပဒေသည်လည်း နယ်ပယ်စုံမှ သတင်းသမားများကို အကာအကွယ်ပေးနိုင်ခြင်းမရှိကြောင်း၊ မီဒီယာသမားများကိုယ်တိုင်လည်း သတင်းမီဒီယာဥပဒေကို ထဲထဲဝင်ဝင် သေချာ နားလည်မှုမရှိသေးကြောင်း၊ သတင်းမီဒီယာကောင်စီအနေဖြင့် ဥပဒေပိုင်းဆိုင်ရာများကို နယ်သတင်းသမားအား ဆောင်ရန်၊ ရှောင်ရန် နယ်ဆင်းပြီးရှင်းပြပေးစေလိုကြောင်း ၄င်းက ဆိုသည်။

    BNI မှ ဦးဇင်လင်း (MNA)
    ယနေ့ကျင်းပသည့်အခန်းအနားကို ယူနက်စကိုနှင့် BNI တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အဖွင့်မိန့်ခွန်းများတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာတင်၊ ယူနက်စကိုမြန်မာမှ မစ္စမင်ဂျောင်ခင်၊ မြန်မာသတင်းမီဒီယာကောင်စီမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးအောင်လှထွန်း၊ အီးယူမြန်မာမှ ပရိုဂရမ်မန်နေဂျာ မာရီယိုလင်းတို့က ပြောကြားခဲ့သည်။

    ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားမီဒီယာများ၊ အရပ်ဘက်အဖွဲ့အစည်းများအခန်းကဏ္ဍခေါင်းစဉ်ကို ဦးဆောင်ဆွေးနွေးသူအဖြစ် သတင်းမီဒီယာကောင်စီမှ ဦးဇေယျာလှိုင်က ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်၊ Institute for Peace and Social Justic မှအမှုဆောင်ဒါရိုက်တာ ဒေါက်တာသောင်းထွန်း၊ ဒီလိုင်းဂျာနယ်အယ်ဒီတာချုပ် မုံရွာအောင်ရှင်တို့က လည်းကောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မီဒီယာခေါင်းစဉ်တွင် သင့်ဘဝမဂ္ဂဇင်း ထုတ်ဝေသူ ဦးတင်မောင်သန်းက ဆောင်ရွက်ပြီး သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးသီဟစော၊ BNI မှ ဦးဇင်လင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်၊ Myanmar Institute for Peace and Security Studies မှ ဒေါ်ခင်မမမျိုးတို့က ဆွေးနွေးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts