spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီဝင် ၆၀ ကျော်တပြိုင်တည်းနုတ်ထွက်

    ကျိုက်မရောမြို့နယ် မွန်အမျိုးသားပါတီဝင် ၆၀ ကျော်တပြိုင်တည်းနုတ်ထွက်

    -

    မွန်အမျိုးသားပါတီ MNP ကျိုက်မရောမြို့နယ်မှ ပါတီဝင် ၆၀ ကျော်ခန့် သြဂုတ်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး၍ ပါတီမှတပြိုင်နက်စုပေါင်းနုတ်ထွက်လိုက်ကြောင်း လူမှုကွန်ယက်အင်တာနက်စာမျက်နှာ Facebook ၌ ဖြန့်ဝေထားသည်။

    ကျိုက်မရောမြို့နယ်မှ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးအပါအဝင် မြို့နယ် ဒုဥက္ကဌ၊ အတွင်းရေးမှူးနှင့် ကျွန်းရွာ၊ တောင်ကလေး၊ ချောင်းနှစ်ခွ၊ ကနားလေးနှင့် ကြံတောရွာများမှ စုစုပေါင်း ပါတီဝင် ၆၃ ဦးတို့က နုတ်ထွက်စာတင် လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

    မွန်အမျိုးသားပါတီသို့ နုတ်ထွက်စာပေးပို့သည့်စာအိတ်များ(Facebook)
    ကျိုက်မရောမြို့နယ် MNP အတွင်းရေးမှူး မင်းဉာဏ်လင်းက “ ၂၀၁၅ မှာ မွန် ၂ ပါတီပေါင်းစည်းရေး ဖြစ်မလာတော့ မဲရှုံးခဲ့ရတယ်၊ အခုအနေအထားမှာ ပါတီပေါင်းစည်းရေးအလားအလာကိုလည်း မမြင်တော့ ၂၀၂၀ မှာ မလွယ်တော့ဘူး၊ ဒါကြောင့် ကျနော်တို့ပါတီက နုတ်ထွက်တယ်၊ စာပေလိုင်းကပဲ အမျိုးသားရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်သွားမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထို့အတူ ၄င်းတို့လက်မှတ်ရေးထိုးထားသည့် နုတ်ထွက်စာ၌ တစ်ခုတည်းသောမွန်အမျိုးသားကိုယ်စားပြု ပါတီဖော်ဆောင်ရေးတွင် ရဟန်းသံဃာပြည်သူတို့၏ဆန္ဒကိုပစ်ပယ်သော ပါတီခေါင်းဆောင်များအား အယုံအကြည်မရှိဟု မွန်ဘာသာဖြင့် ရေးသားဖော်ပြထားသည်။

    “ပါတီကနေ နုတ်ထွက်ပါလို့လည်း အဖွဲ့ဝင်တွေကိုမတိုက်တွန်းပါဘူး၊ မြို့နယ်အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ပါတီဝင်တွေကို ကျနော်တို့နုတ်ထွက်ရတဲ့အကြောင်းအရင်းတွေ ရှင်းပြရပါတယ်၊ နောက်ပြီး သူတို့ဆန္ဒနဲ့ သူတို့နုတ်ထွက်တာဖြစ်တယ်” ဟု မင်းဉာဏ်လင်းက ဆိုသည်။

    သို့ရာတွင် မွန်ပါတီသစ်တရပ်ဖြစ်ပေါ်လာမည့်ကိစ္စအပေါ် မိမိတို့အလေးအနက်မထားကြောင်း၊ မွန် ၂ ပါတီပေါင်းစည်းရေးကိုသာ မိမိတို့ဆန္ဒအပြည့်အဝရှိကြောင်း ၄င်းကဆက်ပြောသည်။

    “မွန်တစ်ပါတီဖြစ်ဖို့တစ်မျိုးသားလုံးလှုပ်ရှားကြပါ၊ အခုလက်ရှိအခြေအနေမှာ ဘယ်လိုမှရှေ့ဆက်သွားလို့မရတော့ဘူး၊ ၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့နောက်မှာ နှစ်ပါတီမပေါင်းရင် ပါတီကိုယ်စားတစ်ခုခုလုပ်ရင် ပါတီဝင်တွေ ပါမလာတော့ဘူး၊ ကျွန်မတို့ကတော့ သူတို့အသံတွေကိုနားထောင်ပေးရမယ်၊ ဒါကြောင့် နှုတ်ထွက်စာတင်တယ်” ဟု မွန်အမျိုးသားပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မိစန္ဒာနွန်က ဆိုသည်။

    အလားတူ မွန်အမျိုးသားပါတီမှ ဗဟိုကော်မတီဝင် နိုင်ချင်းနှင့် နိုင်ချမ်းအိုင်းမွန်တို့လည်း ၄င်းတို့၏နုတ်ထွက်စာများကို Facebook ၌ ဖြန့်ဝေထားသည်ကို ယခုရက်ပိုင်းတွင် တွေ့ရှိရသည်။

    မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမင်းစိုးလင်း(ပြည်နယ်လွှတ်တော်အမတ်)နှင့် နိုင်မွန်ရာဇာတို့ ပြီးခဲ့သည်လပိုင်းများတွင် ပါတီမှထုတ်ပယ်ခံရပြီးနောက် မွန်နှစ်ပါတီပေါင်းစည်းရေး ရာမညအင်အားစုတွင် ပါဝင်လှုပ်ရှားနေသည်ဟု သိရသည်။

    ထို့အတူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်နိုင်ဦး(မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ) နှင့် နိုင်အောက်စာ(ခ) နိုင်အောင်ဘတို့သည်လည်း ၄င်းတို့ပါတီမှ ထွက်ခွာသွားကြပြီးနောက် မွန် ၂ ပါတီပေါင်းစည်းရေး ရာမညအင်အားစုတွင် ပါဝင်လှုပ်ရှားနေသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီ MNP တို့ တစ်ပါတီအဖြစ်ပေါင်းစည်းရေး အလားအလာမမြင်ရဟုဆိုကာ ၄င်းပါတီနှစ်ရပ်မှ ပေါင်းစည်းရေးလိုလားသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ဗဟိုကော်မတီဝင်အဆင့်ရှိ ပါတီစည်းရုံးရေးမှူးအချို့ နုတ်ထွက်မှုများ ပိုမိုတွေ့ရှိလာရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks