spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ရေကြီးပျက်စီးလယ်မြေများ တစ်ဧက ၅ သောင်းနှုန်း အစိုးရထောက်ပံ့မည်

    မွန်ပြည်နယ်ရေကြီးပျက်စီးလယ်မြေများ တစ်ဧက ၅ သောင်းနှုန်း အစိုးရထောက်ပံ့မည်

    -

    မွန်ပြည်နယ်အတွင်း ရေကြီးနစ်မြှပ်မှုကြောင့် လယ်မြေဧက ၄ ထောင်ကျော် ပျက်စီးခဲ့သည့်အတွက် ပြည်နယ်အစိုးရက တစ်ဧက ၅ သောင်းနှုန်း ကူညီထောက်ပံ့ပေးမည်ဟု ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးထံမှ သိရသည်။

    ဇူလိုင်လအတွင်းက သည်းထန်စွာရွာသွန်းခဲ့သည့်မိုးနှင့် တောင်ကျချောင်းရေတို့ကြောင့် မွန်ပြည်နယ်အတွင်းရှိ လယ်မြေဧက ၁၇,ဝ၀ဝ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၇၀ဝ၀ နီးပါး ထိခိုက်မှုရှိကာ လယ် ၄၁၉၃ ဧက လုံးဝပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

    ရေနစ်မြုပ်လယ်မြေများ(Internet)
    “သိန်း ၁၉၀ဝ လောက် ထောက်ပံ့ပေးဖို့ လုပ်နေတယ်၊ တစ်ဧကကို ၅ သောင်းနှုန်းလောက်နဲ့ မျိုးစပါးနဲ့ ဓာတ်မြေသြဇာပေးမယ်၊ ဒီလမကုန်လောက်ပေါ့ အမြန်ဆုံးတော့လုပ်နေတယ် ဘာလို့လဲဆိုတော့ စပါးပြန်စိုက်ရမယ်လေ” ဟု စိုက်ပျိုးမွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    လယ်တစ်ဧက ၅ သောင်းနှုန်း ကူညီထောက်ပံ့ပေးရန်အတွက် ပြည်နယ်အစိုးရမှ ကျပ်သိန်း ၇၅၀ ဝန်းကျင်ထုတ်ပေးမည်ပြီး ကျန်ငွေများကို ပြည်ထောင်စု စိုက်ပျိုးရေးရုံးချုပ်သို့ တောင်းခံထားသည်ဟု ၄င်းက ဆက်ပြောသည်။

    “အကူအညီကို အချိန်မီ ရချင်တယ်၊ ဒီလမကုန်ခင်လောက်ရရင်တော့ ပိုအဆင်ပြေမယ်၊ ဘာလို့လဲဆိုတော့ စပါးပြန်စိုက်ဖို့က နောက်ကျနေပြီးလေ တချို့ဆို ငွေချေးပြီးတော့ ပြန်စိုက်နေကြပြီ” ဟု ကျိုက်ထိုမှ လယ်သမားတစ်ဦးက ပြောသည်။

    ပျက်စီးသွားသည့် လယ်မြေများသည် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် ၄၁၃၁ ဧကရှိပြီး မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၌ ၆၂ ဧက ရှိသည်ဟု ဆိုသည်။

    “မနှစ်နဲ့ ယှဉ်ရင် ဒီနှစ်အပျက်အစီးများတယ်၊ ဒီနှစ်က မိုးရေချိန်လဲ များလာတယ်ဆိုတော့လေ” ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

    မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်တွင် ဇန်နဝါရီလမှ ဇူလိုင်လကုန်ထိ မိုးရွာသည့် ရက်ပေါင်း ၇၈ ရက်၊ မိုးရေချိန်လက်မ ၁၀၇ ဒသမ ၆၈ လက်မထိ ရွာသွန်းခဲ့ပြီး ယမန်နှစ်ထက် မိုးရေချိန်လက်မ ၃၀ ရာခိုင်နှုန်းခန့် ပိုများလာသည့်အတွက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ယူဆနေသည်။

    စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ မွန်ပြည်နယ်တွင် စိုက်ပျိုးလယ်မြေဧကပေါင်း ၆၉၀,ဝ၀ဝ ကျော်ရှိပြီး မိုးများသည့်အတွက် လယ်ယာစိုက်ခင်းအချို့ နှစ်စဉ်ရေကြီးနစ်မြုပ်မှုဒဏ် ခံနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks