spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်နှင့်တပ်မတော်ဆွေးနွေးပြီးနောက် စစ်ရေးတင်းမာမှုလျော့ကျသော်လည်း စစ်ကြောင်းတစ်ကြောင်း ဆက်လက်အခြေပြုလျက်ရှိ

    မွန်ပြည်သစ်နှင့်တပ်မတော်ဆွေးနွေးပြီးနောက် စစ်ရေးတင်းမာမှုလျော့ကျသော်လည်း စစ်ကြောင်းတစ်ကြောင်း ဆက်လက်အခြေပြုလျက်ရှိ

    -

    မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ လွန်ခဲ့သည့် ဩဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် စစ်ရေးတင်းမာမှုများလျော့ကျလာသော်လည်း တပ်မတော်စစ်ကြောင်းတစ်ကြောင်း ၄င်းတို့ဒေသတွင် ဆက်လက်အခြေပြုလှုပ်ရှားနေဆဲဖြစ်ကြောင်း မွန်ပြည်သစ်အရာရှိတစ်ဦးက ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိမြစ်နှင့် ဝင်းရော်မြစ်နှစ်သွယ်ကြားရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဌာနချုပ်ရုံးစိုက်ရာ အင်းခွရွာအနီး လိုင်ကနီနှင့် ဝယ်ကလွန်ကျေးရွာတို့တွင် လွန်ခဲ့သည့် ၃ ရက်ခန့်က တပ်မတော်စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြီးဖြစ်သော်လည်း တောင်ပေါက်ကျေးရွာ၌ စစ်ကြောင်းတစ်ကြောင်း ဆက်လက်အခြေပြုလှုပ်ရှားနေခြင်း ဖြစ်သည်။

    တောင်ပေါက်ဒေသရောက် တပ်မတော်သားများ(Facebook)
    “အင်အား ၃၀ လောက်ရှိတဲ့ စစ်ကြောင်း ဆက်ပြီးကျန်နေပါသေးတယ်၊ အခြေအနေ ထူးခြားမှုမရှိပါဘူး” ဟု ဒေသရှိ မွန်ပြည်သစ်အရာရှိတစ်ဦးက ဆိုသည်။

    အဆိုပါကျေးရွာများသို့ တပ်မတော်စစ်ကြောင်းများ မရောက်ရှိခဲ့သည်မှာ ၂၅ နှစ်ခန့်ရှိပြီဟု တောင်ပေါက်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “ဇမိနဲ့ ဝင်းရော်မြစ်နှစ်ခုကြားမှာ အရင်က တောင်ပေါက် ၂၄ ရွာလို့ခေါ်ကြတယ်၊ အခုတော့ မွန်ရွာကြီးတွေ ၃၀ လောက်ရှိနေပြီ၊ နှစ်အစိတ်လောက်ရှိပါပြီ စစ်တပ်တွေလည်းမရောက်ဘူး၊ တိုက်ပွဲလည်းမရှိခဲ့ဘူး၊ အခုတော့ ရွာမှာစစ်သားတွေမြင်နေရတော့ ရွာသားတွေအနေရကြပ်တာပေါ့” ဟု အဆိုပါ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

    နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ အဆိုပါ တောင်ပေါက်ရွာအနီးရှိ အင်းခွရွာ ခန့်မှန်းမြေပုံညွှန်း (S-701317) သည် မွန်ပြည်သစ်ပါတီ အမှတ်(၁) တပ်ရင်းရုံး၏ တပ်တည်နေရာ သတ်မှတ်ထားခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ချုပ်ဆိုခဲ့သော ပြည်နယ်/ပြည်ထောင်စုအပစ်ရပ်စဲရေးသဘောတူစာချုပ်တွင်လည်း ဆက်လက်အတည်ပြုခဲ့သဖြင့် ထိုကာလများမှစတင်၍ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားခဲ့ခြင်းမရှိကြောင်း သိရသည်။

    သို့ရာတွင် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်နေ့ မွန်တော်လှန်ရေးနေ့အခမ်းအနားကျင်းပအပြီးနောက်တစ်ရက်တွင် မော်လမြိုင်ခရိုင် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေပတ်ဝန်းကျင်အနီးတဝိုက်ရှိ မွန်ကျေးရွာအချို့သို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

    UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ – DPN ဒုခေါင်းဆောင် နိုင်အောင်မငေးက “နှစ်ဖက်မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ခုလိုဆွေးနွေးနိုင်တဲ့အတွက် သံသယတွေ ထက်ဝက်လောက် လျော့ကျလာတယ်၊ လက်တွေ့အားဖြင့် တပ်မတော်စစ်ကြောင်းတွေအားလုံး အဲဒီကနေပြန်လည်ထွက်ခွာသွားရင်တော့ ဒီသံသယတွေအားလုံး ကင်းစင်သွားပါလိမ့်မယ်” ဟု ပြောသည်။

    အထက်ပါ မွန်ပြည်သစ်နှင့်တပ်မတော်ဆွေးနွေးကြရာတွင် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်ဟံသာ၊ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်း၊ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ၊ မဟာမိတ်ဆက်ဆံရေးဌာနမှ နိုင်အောင်မငေး တို့နှင့် တပ်မတော်ဘက်မှ ကစထ(၄) မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ခေတ္တစကခမှူး(အမှတ် ၁၉) ဗိုလ်မှူးကြီးစိုးထွန်းတို့ ပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks