spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်မထိုးလိုသေးသဖြင့် UNFC မှ SSPP နုတ်ထွက်ဟုသုံးသပ်

    NCA လက်မှတ်မထိုးလိုသေးသဖြင့် UNFC မှ SSPP နုတ်ထွက်ဟုသုံးသပ်

    -

    ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အနေဖြင့် ဆက်စပ်အဖွဲ့အစည်းများကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးလိုသေးသည့် သဘောထားရှိသဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နုတ်ထွက်စာတင်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ တွေ့ရှိရသည်။

    နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “သူတို့က ပထဝီအနေအထားအရ နောက်ငြိမ်းချမ်းရေးအနေအထားအရကိုလည်း လောလောဆယ် တခြား သူတို့နဲ့ ဆက်စပ်နေတဲ့ ‘ဝ’ တို့ KIA တို့ အဲဒီလိုအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေးမယူသေးဘူးဆိုတော့ သူတို့လည်း မယူချင်သေးတဲ့ သဘောလို့ ထင်ပါတယ်” ဟု သြဂုတ် ၂၂ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    SSPP/SSA တပ်ဖွဲ့များ(SSPP Facebook)
    သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်းများ လက်မှတ်ထိုးလာပါက SSPP/SSA ကလည်း လက်မှတ်ထိုးလာနိုင်သည်ဟု ဦးရဲထွန်းက သုံးသပ်သည်။

    အလားတူ SSPP အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းသည် တပ်တည်ရာ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် စုဖွဲ့မှုဆိုင်ရာ နည်းဗျူဟာပြောင်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြောင်း Eleven News တွင် ရေးသားဖော်ပြသည်။

    ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဌာနချုပ်၌ သြဂုတ် ၁၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အစည်းအဝေးတွင် SSPP/SSA ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ၎င်းတို့အဖွဲ့အနေဖြင့် UNFC မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
    “သြဂုတ် ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကို ကျွန်တော်တို့ အကြောင်းအရာရေးပြီးတော့မှ UNFC အဖွဲ့မှ နှုတ်ထွက်ခွင့်တင်ပြခြင်းဆိုတဲ့ စာကို ပေးပို့ပြီးသားဖြစ်ပါတယ်” ဟု စဝ်ခွန်ဆိုင်၏ အစည်းအဝေးတင်ပြချက် ရုပ်သံတွင် တွေ့ရသည်။

    SSPP/SSA သည် NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ဆွေးနွေးနေသည့် UNFC အဖွဲ့ဝင်ဖြစ်သကဲ့သို့ NCA လမ်းကြောင်းပြင်ပမှငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုသည့် UWSA ‘ဝ’ ဦးဆောင်သော FPNCC တွင်လည်း ပါဝင်နေသော အဖွဲ့ဖြစ်သည်။

    SSPP/SSA နုတ်ထွက်ခွင့်ပြုရန် တင်ပြထားမှုနှင့်ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွှန်က “ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့အနေနဲ့ လောလောဆယ်ဘာမှ ဝေဖန်စရာတော့ မရှိသေးပါဘူး။ တစ်ဦးထဲအနေနဲ့လည်း အထွေအထူး ပြောစရာ မရှိသေးပါဘူး” ဟုပြောသည်။

    UNFC တွင် SSPP/SSA နုတ်ထွက်မည်ဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP) ၊ ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) လေးဖွဲ့သာ ကျန်ရှိတော့မည် ဖြစ်သည်။

    SSPP/SSA နုတ်ထွက်ရန် တင်ပြခဲ့ခြင်းသည် ငြိမ်းချမ်းရေးကော်မ ရှင် (Peace Commission) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့-DPN တို့၏ သြဂုတ် ၁၁ ရက်နေ့ ခြောက်ကြိမ်မြောက် တရားဝင်တွေ့ဆုံမှုအပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks