spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရာဘာအရည်အသွေးမြှင့်စက်ရုံ တည်ဆောက်ရန်ညှိနှိုင်း

    မွန်ပြည်နယ်တွင် ရာဘာအရည်အသွေးမြှင့်စက်ရုံ တည်ဆောက်ရန်ညှိနှိုင်း

    -

    မွန်ပြည်နယ်မှ အဓိကထုတ်လုပ်လျက်ရှိသည့်ရာဘာများ ဈေးကွက်ကောင်းရရှိရန်အတွက် ရာဘာအရည်အသွေးမြှင့်စက်ရုံများ တည်ဆောက်သွားနိုင်ရန် ဩဂုတ်လ (၁) ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဟင်္သာခန်းမတွင် ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းတက်ရောက် ပြောကြားသည်။

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက “ကမ္ဘာ့ရာဘာဈေးနဲ့ မြန်မာ့ရာဘာဈေးဟာ ယနေ့ဆိုလျင် တစ်ပေါင် ၂၀ဝ ကျပ်ခန့်ကွာဟနေပါတယ်၊ မော်လမြိုင် ရာဘာဈေးကွက်တစ်ခုဖြစ်လာအောင် လုပ်ပေးမှာပါ၊ Value added လုပ်ပေးနိုင်မယ့် စက်ရုံတွေနဲ့လည်း ညှိနှိုင်းထားပြီးပါပြီ၊ RSS1 အထိ ထုတ်ပေးနိုင်ဖို့ ကြိုးစားပေးကြပါ” ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

    ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားစဉ်(Facebook)
    ဥပမာအားဖြင့် အရည်သွေးမြှင့်ရာဘာစက်ရုံတစ်ခုအတွက် သိန်း ၂၀ဝဝ ကုန်ကျမည်ဆိုပါက ပိုင်ရှင်မှ သိန်း ၈၀ဝ၊ အစိုးရက သိန်း ၁၂၀ဝ လောက်ပံပိုးပေးနိုင်မည့် အစီအစဉ်ရှိကြောင်း၊ ရာဘာတောင်သူများ၏နစ်နာမှုကို စုပေါင်းဖြေရှင်းပေးရန်နှင့် အစိုးရဘက်မှ တာဝန်ကြေအောင်ကြိုးစားမှာဖြစ်သကဲ့သို့ တောင်သူများဘက်မှလည်း ဝိုင်းဝန်းကြိုးစားပေးလိုကြောင်း ဝန်ကြီးချုပ်က ဆက်လက်တိုက်တွန်းသည်။

    “မွန်ပြည်နယ်က တနှစ်ရာဘာတန်(၁) သိန်းထွက်တယ်၊ တစ်တန်ကို ကမ္ဘာ ဈေးနဲ့ဆို အမေရိကန်ဒေါ်လာ US 300$ နစ်နာနေတယ်၊ တန်(၁)သိန်းဆို US 30 million$ ပေါ့၊ ကျပ်ငွေနဲ့ဆိုရင် ၃၉၀ ဘီလီယံ ရှိပါတယ်၊ စာသင်ကျောင်းတွေ ဆေးရုံတွေ လမ်းတံတားတွေ အများကြီး လုပ်ပေးနိုင်တယ်၊ မွန်ပြည်နယ်ရဲ့ တစ်နှစ်တာခွင့်ပြုဘတ်ဂျက်က ၆၈ ဘီလီယံကျပ်ပဲရှိတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

    အဆိုပါ ရာဘာအရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ရာဘာလုပ်ငန်းရှင်အချို့တက်ရောက်ခဲ့သည်ဟု သိရသည်။

    ကျိုက်မရောမြို့နယ် ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးသက်ဦးက “အရည်အသွေးမြှင့် ရာဘာစက်ရုံကို တစ်မြို့နယ်ကို တစ်ရုံဆောက်သွားမယ်ဆိုရင် အရည်အသွေးမြင့် ရာဘာတွေကို များများထုတ်လုပ်နိုင်မယ့် အနေအထားရှိလာမယ်၊ အသေးစား ခြံရှင်တွေကျတော့ ငွေရေးကြေးရေး ရင်းနှီးမှုအပိုင်း အားနည်းတယ်၊ ဒီနေ့ထွက်တဲ့ ရာဘာပြားတွေကို ဒီနေ့ရောင်းမှ သူတို့မှာ စားဝတ်နေရေးအဆင်ပြေတဲ့အတွက် အချိန်ပေးပြီး အသန့်ပြားတွေ မထုတ်နိုင်ဘူး” ဟု ပြောသည်။

    လက်ရှိတွင် ပေါင်မြို့နယ်နှင့် ကျိုက်မရောမြို့နယ်နေရာအချို့တွင် ရာဘာအရည်အသွေးမြှင့် စက်ရုံအတွက် သတ်မှတ်ထားသည့် စံနှုန်းများနှင့်အညီ လုပ်ဆောင်နေပြီဖြစ်ကြောင်း ရာဘာလုပ်ငန်းရှင်များက ဆိုသည်။

    “ကျွန်မတို့ မွန်ပြည်နယ်မှာ ရာဘာဆိုရင် အရည်နဲ့ အပြားတွေကို ရွာမှာရှိတဲ့ ပွဲရုံငယ်လေးတွေမှာပဲ ပေးနိုင်တယ်။သူတို့ပေးတဲ့ဈေးနဲ့ပဲ ရတယ်။မြို့ကြီးတွေမှာ တက်မသွင်းနိုင်ဘူး။ရွာမှာရှိတဲ့ ရာဘာခြံပိုင်ရှင်တွေက ရာဘာခြစ်ပြီး ရောင်းပဲရောင်းတယ်။ အရည်အသွေး Quality ကို မပြောပြကြဘူး။ တကယ့် Export လုပ်နိုင်တဲ့ Quality ကို မထုတ်နိုင်ကြဘူး။ တကယ်ရောင်းတဲ့အခါမှာအမြတ်အစွန်းမထွက်တာတို့၊ ရှုံးတာတို့ ရှိတယ်။ကွာလတီအပြည့်မရတဲ့အတွက် ဈေးနှိမ်ပြီးတော့ ရောင်းရတဲ့အဆင့်ဖြစ်လာတယ်” ဟု ကျိုက်မရော မြို့နယ်၊ တောင်ကလေးကျေးရွာမှ ရာဘာလုပ်ငန်းရှင် မဇီဇဝါက ပြောသည်။

    အဆိုပါ ရာဘာအရည်အသွေးမြှင့်စက်ရုံများ တည်ဆောက်နိုင်ပါက မွန်ပြည်နယ်၏ ရာဘာလုပ်ငန်းတိုးတက်လာမှာဖြစ်သည့်အတွက် ပူးပေါင်းပါဝင်ကြသူများကို ဖိတ်ခေါ်ကြိုဆိုကြောင်း မွန်ပြည်နယ်၊ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts