spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းသထုံခရိုင်တွင် လယ်မြေဧက ၁၅၀ဝဝ ကျော် ရေနစ်မြုပ်

    သထုံခရိုင်တွင် လယ်မြေဧက ၁၅၀ဝဝ ကျော် ရေနစ်မြုပ်

    -

    မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် တောင်ကျချောင်းရေကြောင့် မွန်ပြည်နယ်၊ သထုံခရိုင်တွင် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ကာ လယ်မြေဧက ၁၅၀ဝဝ ကျော် ရေနစ်မြုပ်ခဲ့သည်ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

    ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး ကျိုက်ထိုမြို့နယ်တွင် လယ်မြေ ၉၀ဝ၈ ဧက၊ ဘီးလင်းမြို့နယ်တွင် လယ်မြေ ၇၉၉၇ ဧကနှင့် ပေါင်မြို့နယ်တွင် ၁၁၂ ဧက ရေနစ်မြုပ်ခဲ့ရာ ဇူလိုင်လ ၂၄ ရက်နေ့အထိ ဘီးလင်းတွင် ၂၉၅၀ ဧကသာ ပြန်ပေါ်သေးကြောင်း ကျန်လယ်မြေများ ပြန်မပေါ်သေးသည့်အနေအထားဖြစ်နေသည်။

    သထုံခရိုင်တွင်ရေးကြီးခဲ့စဉ်မြင်ကွင်း(Internet)

    “ရေမြုပ်သွားတဲ့နေရာမှာ ဘာမှ ထိခိုက်မှုမရှိဘူး အားလုံးကျသွားရင်တော့ မပြောတတ်သေးဘူးပေါ့နော်၊ ကျိုက်ထိုကတော့ ယနေ့ထိ စာရင်းမတက်သေးဘူး မတက်သေးဘူးဆိုတာက ရေနဲနဲအီနေသေးတယ်၊ ကားလမ်းတွေမှာ ကျသွားပေမယ့် လယ်မှာ နဲနဲကျန်နေသေးတယ်” ဟု မွန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ပြည်နယ် ဦးစီးမှူး ဦးအောင်ဇော်နိုင်က ပြောသည်။

    လယ်ယာစိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေနစ်မြုပ်သည့် လယ်မြေဧရိယာများအတွက် မျိုးစေ့များ ရရှိအောင် ကြိုတင်ပြင်ဆင်ထားကြောင်း သို့သော်လည်း နစ်မြုပ်လယ်ဧရိယာများ ပြန်ပေါ်လာမှသာ ထိခိုက် ပျက်စီးပမာဏသိနိုင်ပြီး ကူညီမှု ဆောင်ရွက်ရမည်ဟု ၄င်းက ဆက်ပြောသည်။

    ၄င်းပြင် ရေနစ်မြုပ်ပြီး နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် မိုးမွှားကျရောက်သည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုများပြုလုပ်ထားသည့်အပြင် ကွင်းဆင်းပြီး ဒေသခံတောင်သူလယ်သမားတို့အား အသိပညာပေးမှုများလည်း လုပ်ဆောင်လျက်ရှိသည်။

    “စပါးတွေက အရွက်အဖျားလေးတွေပေါ်နေတယ်ဆိုရင်တော့ တစ်ပတ်လောက်ထိကတော့ မသေနိုင်ဘူး ဒါပေမယ့် လုံးဝကြီးမြုပ်သွားရင်တော့ ၄/၅ ရက်လောက်ပဲ ခံနိုင်မယ်” ဟု ဒု-ပြည်နယ် ဦးစီးမှူး ဆက်ပြောသည်။

    ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်စိုးကလည်း “ဒီနေ့ (ဇူလိုင် ၂၅) ရပ်ကွက်တွေမှာ ရေလုံးဝကျသွားပြီး ရေဘေးရှောင်တွေလည် အကုန်ပြန်ပြီး၊ လယ်တွေမှာကတော့ ရေနည်းနည်းကျန်နေသေးတယ်” ဟု ပြောသည်။

    ရေကြီး ရေလျှံမှုကြောင့် ကျိုက်ထိုတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခု၊ လူဦးရေ ၃၉၁၆ ဦး၊ မြေပြိုကယ်ဆယ်ရေးစခန်း ၁ ခု၊ လူဦးရေ ၉၁ ဦး၊ ဘီးလင်းတွင် ကယ်ဆယ်ရေးစခန်း ၅ ခု၊ လူဦးရေ ၆၁၉ ဦး၊ သထုံတွင် ကယ်ဆယ်ရေးစခန်း ၂ ခု၊ လူဦးရေ ၃၂၉ ဦးတို့ ဘေးလွတ်ရာ ခိုလှုံခဲ့ကြရသည်ဟု ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

    ယမန်နှစ် မိုးရာသီတုန်းက ရေကြီး ရေလျှံမှုကြောင့် သထုံခရိုင်တွင် လယ်မြေဧက ၄၀ဝဝ ကျော် နစ်မြုပ်ခဲ့ကြောင်း သို့သော် ရက်ပိုင်းအတွင်းသာနစ်မြုပ်ခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှုမရှိကြောင်း ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်က မွန်ပြည်နယ် သိမ်ဇရပ်နှင့် ရှမ်းပြည်နယ် သီပေါမြို့တွင် မိုးရေချိန်စံချိန်ကျိုးခဲ့ပြီး ဇူလိုင်လအတွင်း မြို့ ၂၀ ထက်မနည်း ပုံမှန်ထက် မိုးရေချိန်များခဲ့ကြောင်း မိုးဇလဌာနက ထုတ်ပြန်ထားသည်။

    အလားတူ ပဲခူးတိုင်းဒေသကြီးတွင် မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်များ၊ ချောင်းများ၊ မြောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း၊ စိုက်ပျိုးပြီး မိုးစပါးစိုက်ဧက ၆၀ဝဝဝ ကျော်ရေကြီးလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts