spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

    မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

    -

    မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။

    မြို့ဝင်ကြေးများကို ယခင်က ကုမ္ပဏီများအား လိုင်စင်ချပေးခဲ့ပြီး အခွန်ငွေပိုမိုရရှိစေရန် ယခုအခါ စည်ပင်သာယာရေး ကော်မတီက တိုက်ရိုက်ကောက်ခံစေသည့် တိုးဂိတ်များ၊ စည်ပင်ဂိတ်များ၊ လမ်းတံတားကြေးများနှင့် မြို့ဝင်ကြေးများကြောင့် အခက်ခဲဖြစ်နေရကြောင်း မုတ္တမမြို့မှ ဒေသခံ တစ်ဦးဖြစ်သူ ဦးကိုကိုလင်းက ပြောကြားသည်။

    မော်လမြိုင်မြို့နယ်အဝင် ရိုးဂိုးဂိတ်အနီး(MNA)

    ဦးကိုကိုလင်းက “မုတ္တမမှာနေတဲ့လူက တံတားဟိုဘက်ခြမ်းက မော်လမြိုင်ကို သွားရင် တစ်နေ့ နှစ်ခေါက်သွားရင် နှစ်ခါပေးရတယ်။ အသွား ၆၀ဝ ၊ အပြန် ၆၀ဝ၊ မြို့ဝင်ကြေး ၂၀ဝ၊ တစ်ခါသွားရင် ၁၄၀ဝ လောက်ပေးနေရတယ်။မြို့ဝင်ကြေးတွေကောက်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် သုံးမယ့်အစား ဖျက်သိမ်းလိုက်တာမှ ပြည်သူတွေ ပိုဝမ်းသာရမှာပါ” ဟု ပြောသည်။

    မြို့နယ် စည်ပင်များအနေဖြင့် မြို့ဝင်ကြေးသာ ကောက်ခံပြီး လမ်းနှင့် ပလက်ဖောင်းများကို ယခုအချိန်အထိ ပြုပြင်ခြင်းမရှိသေးကြောင်း ထောက်ပြနေသူများလည်း ရှိသည်။

    “သူတို့က မြို့ဝင်ကြေးတွေတော့ ကောက်တယ်။မြို့အတွက် ဘာမှ ရေရေ ရာရာ လုပ်တာမတွေ့ရဘူး။ မြို့ဝင်ကြေးကောက်တာက ကြာပြီ။ လမ်းတွေက ဒီတိုင်းတိုင်းပဲ။သထုံ မီးပွိုင့်ထောင့်က ဘားအံ နဲ့ မော်လမြိုင် လမ်းဆုံမှာ လမ်းတော်တော်ဆိုးနေပြီ။ တော်တော်လေးလည်းအန္တရာယ်များပါတယ်။ သထုံအထွက် ဒူးရင်းဆိပ်ကျေးရွာ မရောက်ခင်မှာလည်း လမ်းတွေဆိုးတယ်။ ချိုင့်တွေတော်တော်များနေပြီ။ဝါးပါးဆည် အရှေ့က လမ်းလည်းဆိုးတယ်။ မြို့ဝင်ကြေးက မရှိသင့်တော့ဘူး။ အခုဆိုရင် စည်ပင်ကလည်းကောက်တယ်။ ရွှေသံလွင်ကလည်း ကောက်တယ်ဆိုတော့ နေ့တိုင်း ခရီးသွားနေတဲ့လူတွေအတွက် အဆင်မပြေတော့ဘူး” ဟု သထုံမြို့ ဒေသခံ ကိုကောင်းမြတ်ထက်က ပြောသည်။

    သထုံမြို့လယ်ခေါင်က လမ်းဆုံမှာလည်း မီးပွိုင့်ပျက်စီးမှုများနှင့် လူသွားလမ်းပလက်ဖောင်းများ ပြိုကျသည့်တိုင် လနှင့်ချီကာ ပြုပြင်ပေးခြင်းမျိုး မရှိကြောင်း၊ ကားလမ်းပေါ် တက်ရောင်းသည့် ဈေးသည်များကိုလည်း တစ်စုံတစ်ရာ တုံ့ပြန်ပေးခြင်းမျိုးမရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

    မြို့ဝင်ကြေးကောက်ခံခြင်းသည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ထောင်စု မကောက်ရန် ညွှန်ကြားလာပါက ဖျက်သိမ်းသွားမှာဖြစ်ကြောင်း မွန်ပြည်နစည်ပင်သာယာရေးကော်မတီက ပြောကြားသည်။

    မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး ဦးမြင့်အောင်က “မြို့ဝင်ကြေးဆိုတာ ကျွန်တော်တို့ စည်ပင်သာယာမှာက ဘီးလှိမ့်ခွန် ဆိုတာရှိတယ်။ နိုင်ငံတော်ကလည်း အခွန်အခတွေနဲ့ သွားနေတော့ ဒါက ဥပဒေနဲ့ အညီပါပဲ။ကျွန်တော်တို့ ကတ္တရာတွေခင်းတယ်။ အဲ့ဒီအပေါ်မှာ ပြည်သူလူထုက ဘီးလှိမ့်သွားတယ်။ အဲ့ဒါမြို့ဝင်ကြေးလို့ခေါ်တာပါ။ ဥပဒေနဲ့ အညီပါပဲ။ ပြည်ထောင်စုက မကောက်ဖို့ ညွှန်ကြားလာရင်တော့ ပယ်ဖျက်ရမှာပါ။ လက်ရှိတော့ ညွှန်ကြားထားတာမရှိပါဘူး” ဟု ပြောသည်။

    ယခုအခါ မွန်ပြည်နယ် (၁၀) မြို့နယ် မြို့ဝင်ဂိတ်များတွင် ၁ တန် အောက် ယာဉ်ငယ်ကို ၂၀ဝ ကျပ်၊ ၁ တန်မှ ၃ တန်အထိ ယာဉ်ကို ၃၀ဝ ကျပ်၊ ၃ တန်အထက် ယာဉ်ကြီးကို ၅၀ဝ ကျပ်နှုန်းထားများဖြင့် ကောက်ခံလျက်ရှိသည်ဟု သိရသည်။

    သို့ရာတွင် ပြည်သူတွေဝန်ထုပ်ဝန်ပိုး ဖြစ်စေသည်ကို လျှော့ချသည့်အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့ဝင်ကြေး ကောက်ခံသည့်ဂိတ်အားလုံးကို ရခိုင်ပြည်နယ်အစိုးရ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

    အလားတူ ၂၀၁၆ ခုနှစ်၊ ဧပြီ ၁ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လမ်း၊ တံတား အသုံးပြုခကောက်ခံဂိတ်
    (၃၀၂) ဂိတ်အနက် (၁၆၅)ဂိတ်အား အသုံးပြုခ ကောက်ခံခြင်း မပြုတော့ဘဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖြေလျော့ပေးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks