Friday, March 13, 2026
More
    spot_img
    Homeသတင်းNLD အချင်းချင်းလက်ညှိုးထိုးနေကြသည့်အတွက် ချောင်းဆုံပါတီဝင်များကို တာဝန်မှယာယီရပ်ဆိုင်း

    NLD အချင်းချင်းလက်ညှိုးထိုးနေကြသည့်အတွက် ချောင်းဆုံပါတီဝင်များကို တာဝန်မှယာယီရပ်ဆိုင်း

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် (၂၁) ဦးကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပါတီဗဟို၏ဆုံးဖြတ်ချက်ဖြင့် တာဝန်မှယာယီရပ်ဆိုင်းခဲ့သည်မှာ ပါတီဝင်အချင်းချင်း လက်ညှိုးထိုး အပြစ်တင်နေကြသည့်အတွက် သတိပေးခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

    “ချောင်းဆုံအန်အယ်လ်ဒီ ပါတီဝင်တွေကို ပါတီကနေ ယာယီ ရပ်ဆိုင်းတာက ကြားဖြတ်ရွေးကောက်ပွဲအဆက်ပေါ့။ကြားဖြတ်ရွေးကောက်ပွဲမှာ ချောင်းဆုံဒေသ အန်အယ်လ်ဒီ ရှုံးနိမ့်တာနဲ့ ပတ်သက်ပြီးတော့ ဟိုလူ့ကို လက်ညှိုးထိုး၊ဒီလူ့ကို လက်ညှိုးထိုးနဲ့ အဲဒီကနေ စဖြစ်တာပါ။” ဟု ဦးဝင်းထိန်က ဇူလိုင်လ (၂၀) ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    NLD ပြောခွင့်ရ ဦးဝင်းထိန်(Facebook)
    ယင်းပါတီဝင်များကို စုံစမ်းစစ်ဆေးရန် မွန်ပြည်နယ် ပါတီဥက္ကဌ ဒေါက်တာခင်ဆောင် ၊ မော်လမြိုင်မြို့နယ် ဥက္ကဌ ဒေါ်နွယ်နွယ်အောင်နှင့် ပြန်ကြားရေးတာဝန်ခံ ဦးအေးမင်းဟန်တို့ (၃) ဦးဖြင့် ဖွဲ့စည်းထားပြီး တစ်လအတွင်း ပါတီဗဟိုသို့ အစီရင်ခံစာ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလတွင် ကျင်းပခဲ့သည့် ချောင်းဆုံကြားဖြတ်ရွေးကောက်ပွဲကာလတွင် တိုင်ကြားထားခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်ဆောင်က ပြောကြားသည်။

    “ကြားဖြတ် ကတည်းက တိုင်ကြားထားတာတွေရှိပါတယ်။လောလောဆယ်တော့ ကျွန်တော်တို့ကို တိုင်ထားတဲ့လူတွေကို စစ်ဆေးနေပါတယ်။ကျွန်တော်တို့ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာတွေရှိရင်တော့ ဗဟိုကတော့အရေးယူမှာပဲလေ” ဟု ၄င်းက ပြောကြားသည်။

    ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ဗဟိုကရွေးချယ်လိုက်သည့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးအေးဝင်းသည် ချောင်းဆုံမြို့နယ်ဒေသခံ မဟုတ်သည့်အတွက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပါတီဝင်အင်အား (၅၀) ခန့်ဖြင့် ပါတီဗဟိုရုံးချုပ်သို့ ပါတီဝင်များက ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအောင်ကြည်သိန်း အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks