spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းကြာအင်းကျေးရွာအုပ်စုသို့ အိမ်ရာစီမံကိန်းမြေနေရာပြောင်းလဲရန် မွန်လွှတ်တော်မှတ်တမ်းတင်

    ကြာအင်းကျေးရွာအုပ်စုသို့ အိမ်ရာစီမံကိန်းမြေနေရာပြောင်းလဲရန် မွန်လွှတ်တော်မှတ်တမ်းတင်

    -

    မွန်ပြည်နယ် အိမ်ရာစီမံကိန်းတည်ဆောက်မည့်မြေနေရာအတွက် မော်လမြိုင်-မုဒုံ ကားလမ်းဘေး မော်လမြိုင်မြို့နယ် ကြာအင်းကျေးရွာအုပ်စု မြေဧရိယ (၂၁.၂၆) ဧကသို့ ပြောင်းလဲဆောင်ရွက်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ဇွန်လ ၂၁ ရက်နေ့တွင် ကျင်းပသည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (အဋ္ဌမနေ့) ၌ တင်သွင်းခဲ့သဖြင့် ပြောင်းလဲတည်ဆောက်ရန် လွှတ်တော်မှ မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

    ယခင်လျာထားသည့် အိမ်ရာစီမံကိန်းတည်ဆောက်မည့်မြေနေရာဖြစ်သည့် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာအုပ်စု ဧရိယာ (၄၄) ဧကသည် တည်ဆောက်ရန် အဆင်သင့်ဖြစ်နေသည့် အနေထားမဟုတ်သည့်အပြင် ကားလမ်းနှင့် အနည်းငယ်ကွာဝေးနေသည့်အတွက် ကြာအင်းကျေးရွာအုပ်စုမှ မြေနေရာကို ပြောင်းလဲရကြောင်း ဦးဝဏ္ဏကျော်က ရှင်းလင်းတင်ပြခဲ့သည်။

    ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဝဏ္ဏကျော်(MNA)
    “အခုလွှတ်တော်က ပြောင်းရွှေ့ဖို့ ချမှတ်ပြီးပြီးဆိုတော့ လုပ်ငန်း လုပ်ဖို့က မြန်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် တည်ဆောက်သွားတော့မှာပါ၊ ဒီတည်ဆောက်မယ့်စီမံကိန်းက ၂၀၁၇-၁၈ ဘတ်ဂျက်ကနေဆိုတော့ ဒီဘတ်ဂျက်နှစ်အတွင်း ပြီးစီးအောင် လုပ်ရမှာပါ” ဟု ဦးဝဏ္ဏကျော်က ပြောသည်။

    ထိုတန်ဖိုးနည်းအိမ်ရာတည်ဆောက်သည့် စီမံကိန်းသည် ပြည်သူများ တန်ဖိုးနည်းနှင့်တန်ဖိုးအသင့်အတင့် ရရှိစေရန်ရည်ရွယ်ခြင်း ဖြစ်သည့်အတွက် နေထိုင်မှုအဆင်ပြေပြီး တန်ဖိုးအနည်းဆုံးဖြစ်အောင် ညှို့နိုင်းလုပ်ဆောင်မည်ဟု ၄င်းကဆက်ပြောသည်။

    ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က “မြေနေရာအနေအထားအရ အစိုးရအဖွဲ့ဘက်က ပြောင်းရွေ့လိုတယ်ဆိုတာက ကောင်းပါတယ်၊ ဒါပေမဲ့ အရင်က လွှတ်တော်မှာ အတည်ပြုထားတဲ့ ဘတ်ဂျတ်ထပ်မပိုစေလိုပါဘူးလို့ အကြံပြုချင်ပါတယ်” ဟု လွှတ်တော်အစည်းအဝေး၌ ပြောခဲ့သည်။

    ဒေသန္တရစီမံကိန်းဥပဒေထဲတွင် ပါဝင်သော မင်းရွာအိမ်ရာစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၁၇ ခုနှစ် မွန်ပြည်နယ်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေထဲတွင် ရန်ပုံငွေ ကျပ် ၅ ဘီလီယံအား ထည့်တွင်းရေးဆွဲထားပြီး မွန်ပြည်နယ်လွှတ်တော်မှ ၂၀၁၇ မတ်လ ၂၈ ရက်နေ့တွင် ဥပဒေအမှတ် (၃) ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    ယခုလို ပြည်နယ်ဘတ်ဂျက်ကို အသုံးပြုပြီး တန်ဖိုးနည်းအိမ်ရာတည်ဆောက်မှုသည် မွန်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks