spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမြောက်ပိုင်းအဖွဲ့မပါဝင်ဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့မဖြစ်နိုင်ဟု UNFC ဥက္ကဌပြော

    မြောက်ပိုင်းအဖွဲ့မပါဝင်ဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့မဖြစ်နိုင်ဟု UNFC ဥက္ကဌပြော

    -

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပေါ်လစီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးဖြစ်သည့်အတွက် မြောက်ပိုင်းအဖွဲ့များအားလုံးမပါဝင်ဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ မည်သို့မှမဖြစ်နိုင်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ညီလာခံ အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

    ဗိုလ်ချုပ်ကြီး အင်ဘန်လက “ဒေသန္တရ အခြေအနေရော၊ အစိုးရ၊ တပ်မတော်တို့ရဲ့ ဖိအား၊ ခွဲခြားအုပ်ချုပ်မှုအောက်မှာ မဖြစ်မနေ ကျွန်တော်တို့ မြောက်ပိုင်းအဖွဲ့တွေဟာ တစုတစည်းဖြစ်ဖို့ အခြေအနေရောက်လာပါတယ်။ ဒါကြောင့်မို့လို့ UNFC ကနေ နုတ်ထွက်ရခြင်းပဲဖြစ်ပါတယ်” ဟု ဆိုသည်။

    UNFC ဒုတိယအကြိမ်အစည်းအဝေး(NMG)

    ထို့အပြင် လက်ရှိ NCA အောက်မှ အစိုးရ၊ တပ်မတော်တို့၏ လုပ်ဆောင်ချက်များကို တရားဝင်မှုအရ အကဲစမ်းရန် မိမိတို့ဘဝတူများ သွေးစည်းညီညွတ်နိုင်မှ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ NLD အစိုးရလက်ထက် မိမိတို့မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးသည် DPN အနေဖြင့် ကြိုးပမ်းနေသည့် ကာလအတွင်းမှာလည်း စိန်ခေါ်ချက်အသစ်များကို ရင်ဆိုင်ဖြတ်သန်းနေကြရကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားသည်။

    ဗိုလ်ချုပ်ကြီးအင်ဘန်လက “၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးမှာ UNFC အကြံပြုခဲ့တဲ့ ဖက်ဒရယ်နဲ့ လုံခြုံရေးဆိုင်ရာမူဝါဒတွေ ဘယ်နေရာ ရောက်သွားတာကို မေးစရာရှိပါတယ်၊ NLD အစိုးရအနေနဲ့ လူထုက ရွေးချယ်လိုက်တဲ့ ဒီမိုကရေစီအစိုးရဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာဟာ တပ်မတော်ရဲ့လက်ထဲမှာ ရှိနေပြီး လက်တွေ့အားဖြင့် နိုင်ငံရေးအသွင်ပြောင်းလဲရေးတွေ ဖော်ဆောင်လို့မရတဲ့ အနေအထားရောက်ရှိနေတာကို လူထုဘက်က ပြန်လည်နားလည်သိရှိထားကြပြီ” ဟု ထောက်ပြသည်။

    ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇွန်လ ၂၀ ရက်နေ့က UNFC ဒုတိယအကြိမ်ညီလာခံစတင်ကျင်းပရာ အဖွဲ့ဝင်များဖြစ်သည့် ကချင် KIO, မွန် NMSP, ကရင်နီ KNPP, ရှမ်း SSPP, ရခိုင် ANC, လားဟူ LDU မှအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် နည်းပညာထောက်အကူပြုအဖွဲ့ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်လျက်ရှိကြောင်း သိရသည်။

    ညီလာခံတက်ရောက်နေသူ မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေးရုံးတာဝန်ခံ ဒေါက်တာနိုင်ရွှေသိန်းက “ဒီနေ့မှာတော့ အစီရင်ခံစာတွေတင်သွင်းကြမှာပါ၊ DPN, ENAC တွေဘက်က အစီရင်ခံစာတွေလည်းပါတာပေါ့၊ နောက်ပြီး နုတ်ထွက်စာတင်ထားတာတွေ ဆိုင်းငံ့တဲ့အဖွဲ့ကိစ္စကိုလည်း ဆွေးနွေးရဦးမယ်၊ ညီလာခံ ၅ ရက်လောက်ကြာမယ်လို့ ခန့်မှန်းထားတယ် ” ဟု ပြောသည်။

    UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်ထားသည့် KIO, ဝအမျိုးသားအဖွဲ့ချုပ် WNO, ကိုးကန့် MNDAA နှင့် ပလောင် TNLA တို့အား နုတ်ထွက်ခွင့်မပြုရသေးကြောင်း၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ပအိုဝ်အမျိုးသားလွတ်မြေက်ရေးအဖွဲ့ချုပ် PNLO တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားဆဲ ဖြစ်သည့်အတွက် ၄င်းကိစ္စရပ်များကို ဆွေးနွေး၍ဆုံးဖြတ်ချက်များချမှတ်မည်ဟု ဆိုသည်။

    အလားတူ ၂၀၁၁ ခုနှစ်ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် UNFC စတင်ဖွဲ့စည်းခဲ့ပြီး ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၇ ရက်ကြာ ပြုလုပ်ခဲ့ရာ UNFC အဖွဲ့ဝင်များဖြစ်ကြသော KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO,MNDAA နှင့် ဆက်စပ်အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDF တို့၏ ကိုယ်စားလှယ်ပေါင်း ၁၀ဝ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းအရ သိရသည်။

    အထက်ပါအဖွဲ့ဝင်များအနက် တိုင်းရင်းသားလက်နက်ကိုင်များအနက် ၈ ဖွဲ့က သမ္မတဦးသိန်းစိန်အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပြီးသည့်နောက် UNFC အဖွဲ့ဝင်များမှ နုတ်ထွက်မှုများ ပိုမိုဖြစ်ပေါ်လာကြောင်း တွေ့ရှိရသည်။

    ထို့အပြင် NCA လမ်းကြောင်းပြင်ပမှငြိမ်းချမ်းရေးဖော်ဆောင်မည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဦးဆောင်သော (ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ) မြောက်ပိုင်းအဖွဲ့တွင် ရက္ခိုင့်တပ်မတော် (ULA/AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (MNTJP/MNDAA)၊ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (PSC/NDAA) တို့ ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံတိုင်းရင်းသားလက်နက်ကိုင်အင်အားအရေအတွက် စုစုပေါင်း ၈၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts