Homeသတင်းယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ်ပထမထပ်မံရရှိ

ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ်ပထမထပ်မံရရှိ

-

၂၀၁၆-၂၀၁၇ ခုနှစ်ပညာသင်နှစ်တွင် မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ သူ ဦးရေ ၂၂၆၁၈ ဦးအနက် ၉၃၀၁ ဦးအောင်မြင်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၄၁.၁၂ ရာနှုန်း ယမန်နှစ်ကဲ့သို့ပင် အောင်ချက်အကောင်းဆုံး ပထမထပ်မံရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင် က “မွန်ပြည်နယ် အောင်ချက်ပထမ ရရှိတာကလည်း ကျောင်းအုပ်၊ ဆရာ/ ဆရာမ၊ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်တဲ့အတွက် ရရှိခဲ့တဲ့အောင်မြင်မှုလို့ ပြောချင်တယ်၊ မွန်ရဲ့ ပညာရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာ ဘယ်တော့မှ သူများလက်အောက်ကို မကျခဲ့ဘူး၊ ဒီအောင်မြင်မှုကို ဆက်လက်ကြိုးစားသွားမယ်” ဟုပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်းကြည့်ရှုနေစဉ်(MNA)
၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်တွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး ၊၅ ဘာသာဂုဏ်ထူးရှင် ၄၇ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၅၅ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၀၉ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၃၃၅ ဦး နှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၈၆၂ ဦး ရရှိခဲ့ကြောင်း သိရသည်။

အောင်ချက်ကောင်းသော်လည်း ၆ ဘာသာဂုဏ်ထူးရှင် လျော့နည်းရခြင်းမှာ မွန်တွင် အမှတ်ပေးမူ စနစ်ကျသည့်အတွက်သာ ဖြစ်ကြောင်း ဦးမျိုးတင့်အောင်က ယင်းသို့ သုံးသပ်ခဲ့သည်။

“ ဒီလောက်အောင်ချက်ကောင်းနေတာ ၆-၅ ဘာသာဂုဏ်ထူးရှင်တွေ ရန်ကုန်တိုင်းထက်စာရင် တစ်ကျောင်းစာလောက်ပဲရှိတယ်၊ ဆိုလိုချင်တာက ဆရာတို့ဘက်က တကယ့်ကို အမှတ်ပေးမူနဲ့ သေသေသပ်သပ်နဲ့ စစ်ဆေးနေတယ်၊ အဲဒီအပေါ်မှာ နည်းတယ်ဆိုတာက မြန်မာစာ အမှတ်ကို ပြန်ကြည့်မယ်ဆိုရင် ၇၃-၇၂ မှတ်နဲ့ တန်းတန်း ကျနေတာ အများကြီးရှိပါတယ်” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၆ ဘာသာဂုဏ်ထူးရှင် ၃၃၁ ဦး၊ ၅ဘာသာဂုဏ်ထူးရှင် ၇၃၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၁၃၃၈ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၃၉၈ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၉၂၂ ဦး၊ ၁ ဘာသာဂ်ုထူးရှင် ၆၃၄၂ ဦး ရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ဂုဏ်ထူးရရှိသူဦးရေ အများဆုံးတိုင်းဒေသကြီး ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ၂၄၂,၇၃၆ ဦး ရှိပြီး မန္တလေးတိုင်း ဒုတိယ ၄၀.၂၂ ရာနှုန်း၊ မကွေးတိုင်း ၃၇.၉၈ ရာနှုန်း ဖြင့်ရရှိကာ ချင်းပြည်နယ် ၁၆.၅၂ ရာနှုန်းဖြင့် အောင်ချက်အနည်းဆုံး ရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့်ယမန်နှစ် ၂၀၁၆ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် တက္ကသိုလ်ဝင်တန်း(၁၀ တန်း) အောင်စာရင်းထုတ်ပြန်ကြေညာခဲ့ရာ မွန်ပြည်နယ်ကျောင်းသား/သူ ၁၉၆၈၁ ဦးအနက် ၇၇၄၉ ဦး ၃၉.၃၇% အောင်မြင်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အောင်ချက်အကောင်းဆုံး ရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts