spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် (၁၀) မြို့နယ်လုံးတွင် အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်သွားမည်

    မွန်ပြည်နယ် (၁၀) မြို့နယ်လုံးတွင် အဝေးပြေးယာဉ်ရပ်နားစခန်းဆောက်လုပ်သွားမည်

    -

    မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ချောင်းဆုံ |ပေါင်၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောမြို့တို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်းများ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    “အဓိကကတော့ မြေနေရာပါပဲ အကောင်အထည်ဖော်ပြီးသား မြို့တွေလည်းရှိပါတယ် မော်လမြိုင်မှာဆိုရင် ကားဝင်းတွေက ကျဉ်းကြပ်လို့ ထပ်ရှာရဦးမှာလည်း ရှိတယ် မြေနေရာ ရပြီဆိုတာနဲ့ ဆောက်လုပ်ဖို့ စပါမယ် (၁၀) မြို့နယ်လုံးကိုတော့ လုပ်သွားချင်ပါတယ်”ဟု ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

    မော်လမြိုင် လှိုင် အဝေးပြေးယာဉ် ရပ်နားစခန်း(မြေနီကုန်း)အား မြင်တွေ့ရစဉ်(MNA)

    အဆိုပါ ယာဉ်ရပ်နားစခန်းများကို ရေးနှင့် သံဖြူဇရပ်မြို့တို့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး မုဒုံမြို့တွင်လည်း မြေနေရာ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း၊ မုဒုံမြို့နယ် မြို့အဝင် (၁၀) ဧက ကျော်ကို အဝေးပြေးယာဉ်ရပ်နားစခန်းထားရှိရန်စီစဉ်နေပြီး အခြားကိစ္စရပ်များ ဖြေရှင်းရန်ရှိနေသည့်အတွက် အားလုံးပြီးစီးပါက တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

    “မြို့နယ် အားလုံး ဆောက်လုပ်ပြီးစီးဖို့ဆိုရင် တစ်မြို့နယ်ချင်းစီရဲ့ အနေအထားပေါ် မူတည်တာပေါ့ ချောင်းဆုံတို့ဆိုလည်း တံတားပြီးပြီဆိုတော့ အဲ့ဒီနားမှာ အဝေးပြေးယာဉ်ရပ်နားစခန်းတွေ ဖြစ်လာမှာပါ၊ မုဒုံမှာလည်း ကားဝင်းကို ကန်ကြီးဘေးမှာထားထားရတော့အဆင်မပြေဘူးလေ” ဟု ဝန်ကြီး ဦးထွန်းဌေးက ဆက်ပြောသည်။

    အခုလက်ရှိမော်လမြိုင် လှိုင်-မြေနီကုန်းအဝေးပြေးကားဝင်းကို မွန်ပြည်နယ်(၁၀) မြို့နယ်က လာရောက်မည့် လိုက်ထရက်ကားများအတွက် ယာဉ်ရပ်နားစခန်းပြုလုပ်ပေးမည်ဖြစ်ပြီး မှန်လုံ Express အဝေးပြေးယာဉ်လိုင်းများကို အသစ်ဆောက်မည့် ကားဝင်းတွင် နေရာချထားပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

    “ဒီလို ဆောက်လုပ်လိုက်မယ်ဆိုရင်တော့ ယာဉ်တွေ စနစ်တကျ ဝင်ထွက် သွားလာလို့ရသွားမယ်၊ မော်တော်ယာဉ် စီးနင်းသူတွေလည်း မိမိ အဆင်ပြေတဲ့နေရာမှာ စီးနင်းနိုင်မယ်၊ သံဖြူဇရပ်မှာတော့ပြီးသွားပြီး၊ ရေးမှာလည်းပြီးပြီ နောက်မုဒုံတို့ သထုံတို့ တည်ဆောက်သွားမယ်ဆိုတော့ ကောင်းပါတယ်” ဟု ၄င်းက ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်လုံးတွင် အဝေးပြေးကားဝင်း တည်ဆောက်ပါက တစ်မြို့ဝင်တစ်မြို့ဂိတ်ထိုးပုံစံ မဟုတ်သည့်အတွက် ပိုမိုအဆင်ပြေစေကြောင်း မှန်လုံယာဉ်မောင်းတစ်ချို့က ဆိုသည်။

    ရွှေမန္တလာမှန်လုံယာဉ်မောင်း ကိုအောင်ဆန်းလင်းက “မွန်ပြည်နယ် မြို့နယ် အားလုံးမှာ အဝေးပြေးတွေ တည်ဆောက်လိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ခရီးသည်တွေအတွက် အဆင်ပြေပါတယ်။ သူတို့နားဖို့ သန့်စင်ခန်းတွေ သွားဖို့ အဆင်ပြေပါတယ်။ တစ်မြို့ဝင် တစ်ခါဂိတ်ထိုးပုံစံမျိုးမဟုတ်တဲ့အတွက် သူ့ဂိတ်နဲ့သူ သူ့ယာဉ်လိုင်းနဲ့ သူဆိုတော့ ခရီးမရောက်တာမျိုးဖြစ်မှာလည်း မပူရပါဘူး။ အဲ့လိုလုပ်ပေးရင်တော့ ကောင်းပါတယ်” ဟု ပြောသည်။

    နိုင်ငံတကာအဆင့်မှီ ကားဝင်းကြီးများ တည်ဆောက်ပြီး ယာဉ်များ စနစ်တကျ ရပ်နားသွားနိုင်ရန် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြိုးပမ်းလျက်ရှိပြီး လက်ရှိ မော်လမြိုင် လှိုင်အဝေးပြေးယာဉ်ရပ်နားစခန်း(မြေနီကုန်း) နှင့် ဈေးကြိုအဝေးပြေးယာဉ်ရပ်နားစခန်း တို့ကို ပြုပြင်မှု များ၊ ပြောင်းရွှေ့မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks