spot_img
Wednesday, February 11, 2026
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမော်လမြိုင် လှိုင်(မြေနီကုန်း) အဝေးပြေးကားဝင်း တိုးချဲ့ရန်အစီအစဉ်မရှိ

    မော်လမြိုင် လှိုင်(မြေနီကုန်း) အဝေးပြေးကားဝင်း တိုးချဲ့ရန်အစီအစဉ်မရှိ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ လှိုင်(မြေနီကုန်းအဝေးပြေးကားဝင်း)ကို တို့ချဲ့ရန် အစီအစဉ်မရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ကျင်းပဆဲမွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ ပြောကြားလိုက်သည်။

    အဆိုပါကားဝင်းအတွင်း ယာဉ်ရပ်နားမည့်နေရာအခက်အခဲကို ဖြေရှင်းနိုင်ရန် ကားဝင်းနှင့် ဆက်စပ်ကျန်ရှိနေ သည့် မြေလွတ် ၂.၄၃ ဧကကို ကားဝင်းတိုးချဲ့တည်ဆောက်ရန် ပြည်နယ်အစိုးရအနေဖြင့် မည်သို့ဆောင်ရွက် ထားသည်ကို ဇွန်လ ၁၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး၌ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်၏ မေးမြန်းမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဝန်ကြီးက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

    လှိုင်(မြေနီကုန်းအဝေးပြေးကားဝင်း)

    “လက်ရှိ လှိုင်အဝေးပြေးကားဝင်းကိုတော့ ဒီမြေ ၂ ဒသမ ၃၄ ဧကကိုတော့ ပြန်ချဲ့ဖို့တော့ လောလောဆယ် အစီအမံမလုပ်သေးပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောသည်။

    ပြည်နယ်အစိုးရအနေဖြင့် လက်ရှိ ကြုံတွေ့နေရသည့် ခရီးသည်ယာဉ်များရပ်နားရန်နေရာနှင့် ကုန်တင်ယာဉ်ကြီးများ ရပ်နားရန်နေရာအတွက် အချက်အချာကျပြီး ဧရိယာလုံလောက်သည့် အဝေးပြေးကားဝင်းအသစ်ဆောင်ရွက်နိုင်ရန်အတွက်သာ လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

    “လှိုင်ကားဝင်းကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ မေးမြန်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်၊ တကယ်လို့ အနောက်ဘက်မှာ ကျန်နေတဲ့မြေနေရာကို တိုးချဲ့နိုင်မယ်ဆိုရင် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ်၊ ဆိုင်ခန်းတွေတော့ အနည်းငယ်တော့ ဖျက်ခံထိမှာပေါ့၊ တကယ်လို့ အသစ်လုပ်မယ်ဆိုရင် ဘယ်နေရာလုပ် မှာလဲ၊ အခုလက်ရှိ ကားဝင်းနေရာက မြို့နယ်နဲ့လည်း နီးတယ်၊ ဘူတာရုံနဲ့လည်းနီးတယ် သွားလာရတာလဲ အဆင်ပြေတယ်၊ မြို့အင်္ဂါရပ်နဲ့လည်းညီတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က ပြောသည်။

    လက်ရှိလှိုင်အဝေးပြေးကားဝင်းသည် ဧရိယာ ၄.၁၇ ဧက ကျယ်ဝန်းပြီး ကားဝင်းနှင့် ဆက်စပ်မြေဖြစ်သည့် အသုံးမပြုရသေးသည့် မြေ ၂.၄၃ ဧက ကျန်ရှိနေသေးသည်ဟု သိရသည်။

    “ကျနော်တို့သဘောကတော့ အနောက်မှာရှိတဲ့နေရာကိုပဲ ချဲ့ထုတ်လိုက်ချင်တယ်၊ ချဲ့ထုတ်လိုက်ရင် ကားဝင်းက ကျယ်သွားမယ်၊ ခရီးသွားပြည်သူအတွက်လည်း အဆင်ပြေတယ်” မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

    မော်လမြိုင် လှိုင်အဝေးပြေးကားဝင်းကို ၂၀ဝ၆ ခုနှစ် ဧပြီလက စတင်ဖွင့်လှစ်ခဲ့ပြီး ယထကရုံးအပါအဝင် အခန်းပေါင်း ၁၀၈ ခန်း၊ ကားဂိတ်ဖွင့်လှစ်ထားသောအခန်း ၃၅ ခန်းနှင့် ဈေးဆိုင်ခန်း ၇၃ ခန်း ရှိသည်။

    ထိုအတူ ဈေးကြို အဝေးပြေးယာဉ်ရပ်နားစခန်းသည် ယခင်က မော်လမြိုင်မြို့၏ အဓိက အဝေးပြေးကားဝင်းဖြစ်ခဲ့သော်လည်း လှိုင်(မြေနီကုန်းအဝေးပြေးကားဝင်း) တည်ဆောက်ပြီးနောက်ပိုင်း၂၀ဝ၅ ခုနှစ်တွင် ကုန်တင်ယာဉ်များ ရပ်နားသည့် အဝေးပြေးယာဉ်ရပ်နားစခန်းဖြင့် သတ်မှတ်ခဲ့သည်။

    မွန်ပြည်နယ်အတွင်း မော်လမြိုင်-ရန်ကုန်နှင့် မော်လမြိုင်-ထားဝယ်ခရီးစဉ် ပုံမှန်ပြေးဆွဲနေကြသည့် အဝေးပြေးယာဉ်လိုင်း ၆၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks