spot_img
Tuesday, December 16, 2025
More
    spot_img
    Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမွန်ပြည်နယ်အစိုးရ ဒုတိယ (၆) လပတ်အစီရင်ခံစာအချက်အလက်ကွဲလွဲမှုများရှိနေပြီး မှတ်တမ်းအဖြစ်ထားရှိ

    မွန်ပြည်နယ်အစိုးရ ဒုတိယ (၆) လပတ်အစီရင်ခံစာအချက်အလက်ကွဲလွဲမှုများရှိနေပြီး မှတ်တမ်းအဖြစ်ထားရှိ

    -

    မွန်ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသော ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ (၆) လပတ် အစီရင်ခံစာတွင် ကိန်းဂဏန်းအချက်အလက်အချို့ ကွဲလွဲမှုများ တွေ့ရှိရကြောင်း ဇွန်လ ၁၄ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်မှ မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်ဟု သိရသည်။

    အဆိုပါအစီရင်ခံစာအား မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ ဒေါက်တာ ခင်နိုင်ဦး၊ ဦးဇော်ဇော်ထူး၊ ဒေါ်ခင်မျိုးမြင့်၊ ဒေါ်ခိုင်ခိုင်လဲ့တို့ အဓိကဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး(MNA)

    သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က “ အစိုးရက ကတိကဝတ်ပေးခဲ့တာတွေကို ဒီအစီရင်ခံစာမှာ မပါတာ တွေ့ရပါတယ်၊ ကျောင်းချိန်ပြင်ပ ပညာရေးမှာ အစိုးရအဖွဲ့အနေနဲ့ ဘယ်လောက်ထိ ဆောင်ရွက်နေလဲ၊ အခြေအနေဘယ်လိုရှိလဲ အစီရင်ခံစာမှာဖော်ပြထားတာ မရှိတဲ့အပြင် ကျမ တင်သွင်းခဲ့တဲ့ အဆိုကိုလည်း ထည့်သွင်းရေးသားမှု မရှိဘူး” ဟု ပြောသည်။

    အဆိုပါအစီရင်ခံစာ၌ လွှတ်တော်မှအတည်ပြုဆွေးနွေးခဲ့သော ကျောင်းချိန်ပြင်ပညာရေးကိစ္စ အစီရင်ခံစာတွင် မပါရှိခြင်း၊ နွေစပါးစိုက်ပျိုးဧက နှင့် စပါးထွက်နှုန်း ကိန်းဂဏန်းကွာဟမှု ရှိနေခြင်း၊ တိုင်းရင်းသားရေးရာကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီတို့၏ အစီရင်ခံစာများ မပါရှိခဲ့ပေ။

    ဘီလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) နယ်မြေ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦးက “နွေစပါးစိုက်ဧကနဲ့ ရိတ်သိမ်းဧက အများကြီးလျော့သွားပါတယ်၊ ဒါကိုပြန်ပြီးချိန်စကြည့်ရင် ဘီလင်းမြို့နယ်မှာ နွေစပါးစိုက်ဧက နှစ်သောင်းကျော်မှာ ရိတ်သိမ်းဧက နှစ်ထောင်ဝန်းကျင် လောက်ပဲရှိပါတယ်၊ ၇ ပုံ ပုံရင် ၆ ပုံလောက် လျော့သွားတယ်” ဟု ပြောသည်။

    အစီရင်ခံစာပါ ကိန်းဂဏန်း အချက်အလက်များကို လွှတ်တော်ကိုယ်စားလှယ်များထောက်ပြခဲ့သည့်အတိုင်း မြေပြင်တွင် ကွင်းဆင်း၍ ကိန်းဂဏန်း အချက်အလက် အနီးစပ်ဆုံးဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

    ဝန်ကြီးဦးထွန်းဌေး က “ ကိုယ်စားလှယ်တွေက သူတို့ရဲ့ မြို့အနေအထားသူတို့ အသိဆုံးပေါ့လေ၊ မှားယွင်းမှုလား၊ အားနည်းမှုလားဆိုတာ ကျနော်တို့ ပြန်စိစစ်ရတာပေါ့၊ တစ်ချို့ကိန်းဂဏန်းလွဲတာတွေ ရှိတယ်၊ စပါးစိုက်တဲ့ကိစ္စမှားလည်း နည်းနည်းချွတ်ချော်နေတဲ့အပိုင်းတွေ ရှိတယ်၊ နွေစပါးစိုက်ပျိုးတဲ့ဧကမှန်ကန်တာရှိသလို ထွက်နှုန်းတွေလည်း ပြန်လည်စိစစ်ဖို့ရှိတယ်” ဟု ပြောသည်။

    ထို့အတူ ပြီးခဲ့သည့် ဒုတိယကြိမ်မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင်လည်း မွန်ပြည်နယ်အစိုးရ၏ ပထမ (၆) လပတ် အစီရင်ခံစာကိုတင်သွင်းခဲ့ရာတွင် ကိန်းဂဏန်းအချက်အလက်များ လွဲချော်မှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ပြဆွေးနွေးခဲ့ရာ ၄င်းအစီရင်ခံစာအား ပြန်လည်ပြင်ဆင်ရေးသားခဲ့ရကြောင်း သိရသည်။

    မွန်ပြည်နယ်လွှတ်တော်တွင် မြို့နယ် ၁၀ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်၊ ပအိုဝ်း၊ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး လွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ဇွန်လ ၇ ရက်နေ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts