spot_img
Sunday, December 21, 2025
More
    spot_img
    Homeသတင်းLong Life ကျောက်မိုင်းဖျက်သိမ်းရေး ဥတ္တံတားဒေသခံများထပ်မံဆန္ဒပြ

    Long Life ကျောက်မိုင်းဖျက်သိမ်းရေး ဥတ္တံတားဒေသခံများထပ်မံဆန္ဒပြ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ Long Life Aggregate Mining Co.Ltd ကျောက်မိုင်း ဖျက်သိမ်းပေးရေး ဒေသခံ ၃၀ဝ ကျော်က ဇွန်လ ၁၂ ရက်တွင် ကျောက်မိုင်းကုမ္ပဏီသို့ တတိယအကြိမ် ချီတက်လမ်းလျှောက်ပြီး ထပ်မံဆန္ဒပြခဲ့သည်။

    ၎င်းကျောက်မိုင်းကြောင့် ဥယျာဉ်ခြံမြေများနှင့် လယ်မြေများပျက်စီးခြင်း၊ ရေမြောင်းများ ပိတ်ဆို့သွားခြင်း၊ စမ်းချောင်းပျက်စီးခြင်း၊ လမ်းပျက်စီးခြင်းတို့အပါအဝင် သယံဇာတများ ပျက်စီးဆုံးရှုံးခဲ့ခြင်း ကြောင့် ဆန္ဒဖော်ထုတ်ဖော်သည်ဟု ဒေသခံများကဆိုသည်။

    Long Life ကျောက်မိုင်းဖျက်သိမ်းရေး ဥတ္တံတားဒေသခံများဆန္ဒပြပွဲ(MNA)

    ဆန္ဒပြဦးဆောင်သူ ဦးတင်ထွန်းနိုင် က “ကျောက်မိုင်းက ပိတ်သိမ်းမှုမရှိခဲ့ဘူး ဆိုရင် ကျောက်မိုင်ရဲ့ရှေ့မှာပဲ ကျနော်တို့ သပိတ်စခန်းဖွင့်မယ်။ ထိုင်သပိတ်။ ဒီ Long Life မပိတ်မချင်း မထဘူး ဆိုတဲ့ ရည်ရွယ်ချက်မျိုးရှိပါတယ်။ အားလုံးကလဲ သဘောတူပါတယ်” ဟု ဆိုသည်။

    အဆိုပါကျောက်မိုင်း ပိတ်/မပိတ်ဆိုသည်မှာ အစိုးရလုပ်ဆောင်ရမှာဖြစ်သကဲ့သို့ မိမိတို့တို့ဒေသခံများအနေဖြင့် တင်ပြပိုင်ခွင့်ရှိသည်ဟု ဦးတင်ထွန်းနိုင်က ဆက်ပြောသည်။

    သို့ရာတွင် Long Life Aggregate Mining Co.Ltd ဒါရိုက်တာ ဦးအောင်သက်ဌေး က “ကန့်ကွက်ဆန္ဒပြတဲ့ သူတွေရှိသလို ကျနော်တို့နဲ့ပူပေါင်းပြီ ဒေသဖွံဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နေတဲ့ ဒေသခံတွေလဲရှိပါတယ်။ ကျနော်တို့ ကတော့ ဒေသခံတွေနဲ့ ဒေသဖွံဖြိုးရေးအတွက် ဆက်လက်ပြီးပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

    စမ်းကြောင်းများပိတ်ဆို့ပြီး ပျက်စီးခဲ့သည်ဟု ပြောလာမှုရှိသည့်အပေါ် ကုမ္ပဏီအနေဖြင့် သစ်တောဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနတို့၏ ညွှန်ကြားချက်အတိုင်း သဲနှင့် နုန်းများ စီးဆင်းမှုမရှိစေရန် ရေတားတမံများ၊ နုန်းတားတမံများပြုလုပ်ပေးထားသည်ဟု ဦးအောင်သက်ဌေးက ဆက်ပြောသည်။

    ဆန္ဒပြပွဲတွင်ပါဝင်သူ ဒေါ်ရီချောက “ကျမတို့မှာ နစ်နာမှုတွေအများကြီးရှိခဲ့တယ်။ အဲ့ဒါ ကြောင့် ဒီမိုင်းကို ကျမတို့အရမ်းကိုပိတ်စေချင်တယ်” ဟု ဆိုသည်။

    အဆိုပါ ကျောက်မိုင်းတည်ရှိရာ ကုလားမတောင်အား မှီခိုနေရသည့် မိသားစုများစွာရှိနေကြောင်း၊ ဒေသခံများ ထင်းရှာခြင်း-မျှစ်ရှာခြင်းပြုလုပ်ရာတွင်လည်း လမ်းများတားဆီးပိတ်ဆို့ထားခြင်းကြောင့် အခက်အခဲများရှိနေကြောင်းနှင့် ကျောက်မိုင်းကြောင့် လယ်နှင့်ခြံများပါပျက်စီးနေရကြောင်း ဒေါ်ရီချောက ဆက်ပြောသည်။

    “ကုလားမတောင်ကြီးကာကွယ်ရေး-ဒို့အရေး၊ ရေအရင်းမြစ်ပျောက်ဆုံးစေသော ကျောက်မိုင်းများ -အလိုမရှိ၊ လယ်ယာချောင်းမြောင်းများပျက်စီးစေသော ကျောက်မိုင်းများ-အလိုမရှိ၊ ဥယျာဉ်ခြံမြေများပျက်စီးစေ သော ကျောက်မိုင်း -အလိုမရှိ၊ လောင်းလိုက်ကျောက်မိုင်းကုမ္ပဏီ-အလိုမရှိ၊ ဥပဒေချိုးဖောက်နေသော လောင်း လိုက်ကျောက်မိုင်းကုမ္ပဏီ ရပ်တန့်ရေး-ဆောင်ရွက်ပေး၊ ဒေသခံတို့၏ အကျိုးစီးပွားဖျက်ဆီးနေသော လောင်းလိုက်ကျောက်မိုင်းရပ်တန့်ရေး-ဆောင်ရွက်ပေး” ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    အလားတူကျောက်မိုင်းကို ရပ်တန့်ပေးရေး ဒေသခံများက လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့ တွင် ကန့်ကွက်လက်မှတ် ၂၅၀ဝ ကျော်၊ ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ (၂၉) ရက်နေ့တွင် ကန့်ကွက်လက်မှတ် ၈၀ဝ ကျော်နှင့် ၂၀၁၆ ခုနှစ်၊ ဇန်နာဝါရီလ (၂၂) ရက်နေ့တွင် ကန့်ကွက်လက်မှတ် ၁၀ဝ၀ ကျော်ဖြင့် သက်ဆိုင်ရာ ဌာနများသို့ ကန့်ကွက်စာ ပေးပို့ခဲ့ပြီး၂၀၁၆ ခုနှစ်၊ ဇွန် (၆) ရက်နေ့တွင် ပထမအကြိမ်၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒုတိယအကြိမ် ဆန္ဒဖော်ခဲ့ပြီး ဖြစ်သည်။

    Long Life Aggregate Mining Co.Ltd သည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကုလားမတောင်သစ်တောကြိုးဝိုင်း၊ ကွင်းအမှတ် ၄၆ အတွင်း မြေဧရိယာ ၂၂၅ ဧကတွင် ဆောက်လုပ်ရေးသုံးကျောက်နှင့် လမ်းခင်းကျောက်ထုတ် လုပ်ခွင့် ရရှိထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts