spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးပြန်လည်သုံးသပ်သင့်ဟု KNU Concerned Group ထုတ်ပြန်

    ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးပြန်လည်သုံးသပ်သင့်ဟု KNU Concerned Group ထုတ်ပြန်

    -

    စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ပါဝင်ထိုက်ပါဝင်သင့်သည့်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သည့်လမ်းအားဖွင့်ပေးစေပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊လုပ်ငန်းကော်မတီအပါအဝင် UPDJC တို့၏လုပ်ငန်းလမ်းညွှန်ချက်များနှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ် Peace Process တစ်ခုလုံး ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအသီးသီးအား တိုက်တွန်းချက်တစ်စောင်ကို KNU Concerned Group က ဇန်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

    KNU Concerned Group ခေါင်းဆောင် KNU ဒုဥက္ကဌဟောင်း နော်စီဖိုးရာစိန်က “ Process တစ်ခုလုံးကို Review ပြန်လုပ်ဖို့လိုတယ်၊ Dialogue တွေ တွေ့ဆုံဆွေးနွေးမှုတွေမရှိတော့ဘူး၊ အခု NCA အတိုင်းသွားမယ်လို့ပြောကြတာပဲ ဒါပေမယ့် NCA ကို မလိုက်နာကြဘူး” ဟု ဆိုသည်။

    KNU Concerned Group ထုတ်ပြန်ချက်(Copy)

    နိုင်ငံရေးဆွေးနွေးပွဲလမ်းပြမြေပုံတွင်ပါရှိသည့်အတိုင်း NCA လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်ရေးဆွဲအတည်ပြုခြင်း၊ ထိုနောက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး ရလဒ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC သို့ တင်သွင်းရမည်ဖြစ်သည်။

    “ဦးသိန်းစိန် အစိုးရလက်ထက်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေမလုပ်ဘဲနဲ့ ညီလာခံလုပ်ခဲ့တယ်၊ ခုအစိုးရလက်ထက်မှာလည်း ၂၁ ရာစုပင်လုံပထမအကြိမ်အစည်းအဝေးမှာလည်းပဲ အတူတူပဲ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့စလုံး နိုင်ငံရေးဆွေးနွေးပွဲတွေအပြီးမလုပ်နိုင်သေးဘဲနဲ့ ဒုတိယအကြိမ်ညီလာခံလုပ်တာကလည်း NCA အတိုင်းမသွားဘူးလို့ ကျမမြင်တယ်” ဟု နော်စီဖိုးရာစိန်က ပြောသည်။

    တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုပြီးသော ၈ ဖွဲ့တွင် ကရင် KNU,DKBA,KNU-KNLA/PC, ချင်း CNF, ပအိုဝ်း PNLO ၅ ဖွဲ့သာအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ခဲ့ကြောင်း၊ NCA မချုပ်ဆိုနိုင်သေးသော တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ကျန်ရှိသေးသဖြင့် ကျင်းပပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဒုတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စုသဘောတူညီချက် Union Accord သည် တိုင်းရင်းသားအားလုံးကို လွှမ်းခြုံမှုမရှိကြောင်း သူမက ရှုမြင်သည်။

    ထို့အတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်တောင်စုသဘောတူညီချက်ပါ အချို့အချက်များသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းသာ ပါရှိနေသည်ကိုတွေ့ရပြီး ကျန်အချက်များမှာလည်း သဘောတရားဆန်သည့် ယျေဘူယအချက်များသာ ဖြစ်နေသည်။ ရှေ့ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်ရန် လွန်စွာအခက်အခဲရှိလိမ့်မည်ဟု ယူဆပါကြောင်း KNU Concerned Group ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

    မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ညှိနှိုင်းဆောင်ရွက်ရေးမှူး မင်းအောင်ထူးက “ညီလာခံမှာ Union Accord သဘောတူညီချက်အချို့ရရှိခဲ့တယ်ဆိုပေမယ့် အနှစ်သာရအားဖြင့်တော့ Process တွေပြောင်းပြန်ဖြစ်နေတယ်လို့မြင်တယ်၊ Road Map အရ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တက်လာတဲ့ဟာတွေကို ညီလာခံမှာဆွေးနွေးရမယ်၊ ဆွေးနွေးပွဲတွေက ၇ ခုပဲရှိသေးတယ်၊ နောင်လည်း ဆက်လုပ်ဖို့ရှိတယ်၊ အဲဒီကထွက်ပေါ်လာတဲ့အချက်တွေနဲ့ အခုညီလာခံချမှတ်ပြီးသားအချက်တွေနဲ့ ကိုက်ညီမှုမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ၊ ပြင်ဆင်ခွင့်ရှိသလား ရှင်းရှင်းလင်းလင်း ပြောထားစေချင်တယ်” ဟု ပြောသည်။

    အဆိုပါ ညီလာခံတွင် နိုင်ငံရေးပါတီအစုအဖွဲ့ဆွေးနွေးချက်များကို အတည်ပြုနိုင်ခြင်းမရှိခဲ့သဖြင့် ပြည်ထောင်စုသဘောတူညီချက် Union Accord လက်မှတ်ရေးထိုးသည့် နိုင်ငံရေးပါတီကိုယ်စားလှယ်သည် မိမိတို့အားကိုယ်စားမပြုဟု တိုင်းရင်းသားပါတီအချို့က သတင်းဌာနများအား ပြောကြားခဲ့သည်။

    အလားတူ “အနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်မှုမှာ အရေးကြီးတဲ့ Stakeholder တွေဖြစ်တဲ့ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ကျန်ရှိနေသေးတာကို သတိပေးလိုပါတယ်၊ ကျနော်တို့ NCA လက်မှတ်ရေးထိုးထားသူတွေပါဝင်မှုလောက်နဲ့ နိုင်ငံလွှမ်းခြုံပြဿနာ ဖြေရှင်းနိုင်မှာမဟုတ်ဘူး” ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက မေလ ၂၄ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဒုတိယအစည်းအဝေးဖွင့်ပွဲနေ့ မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts