spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်း၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေးတွင် အမျိုးသမီးပါဝင်မှုလျော့နည်း

    ၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေးတွင် အမျိုးသမီးပါဝင်မှုလျော့နည်း

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ပင်လုံ ဒုတိယအစည်းအဝေး ၆ ရက်တာကာလ၌ လှုမှုရေးကဏ္ဍတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာနှုန်းထက်ရှိသော်လည်း တစ်ခြားသောကဏ္ဍများတွင် အမျိုးသမီးပါဝင်မှု ၃၀ ရာနှုန်းအောက် လျော့နည်းနေသေးကြောင်း ကျား- မ တန်းတူရေးမဟာမိတ်အဖွဲ့ (AGIPP) မှ သုံးသပ်ခဲ့သည်။

    AGIPP အနေဖြင့် လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးနှင့်ပတ်သက်ပြီး မူသဘော ဆောင်သည့် ကိစ္စရပ်များ နှင့် တပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံ နှင့် တစ်နိုင်ငံလုံးဆိုင်ရာအခြားကဏ္ဍများ နှင့် ချိတ်ဆက်မှုများကိုသာ အလေးပေးဆွေးနွေးခဲ့ကြသောကြောင့် အမျိုးသမီးအရေးနှင့် ကျား၊မ တန်းတူညီမျှမှုနှင့် ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခြင်းမရှိဟု ဆိုသည်။

    ၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေး တက်ရောက်စာရင်း(Copy)

    AGIPP ဥက္ကဌ မိကွန်းချမ်းနွန် က “ လူမှုရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှု အားကောင်းနေပေမယ့် နိုင်ငံရေးကဏ္ဍမှာ ပါဝင်မှု အရမ်းကိုနည်းပါတယ်၊ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက နိုင်ငံရေးနဲ့အလှမ်းဝေးနေသေးလို့ မြင်ကြတယ်၊ နောက်ပြီးတော့ အမျိုးသမီးကိုယ်တိုင်က အရည်အချင်းရှိပေမယ့် ယုံကြည်မှုအားနည်းတဲ့အတွက် ပါဝင်ဆွေးနွေးမှုမရှိတာလည်း ပါတယ်” ဟုပြောသည်။

    စီးပွားရေးကဏ္ဍ ဆိုင်ရာမူဝါဒအဆိုပြုလွှာတွင်လည်း ကျား၊မ ရေးရာရှုထောင့်မှ ထည့်သွင်းထားမှုမရှိခြင်း၊ နိုင်ငံရေးကဏ္ဍတွင် ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး နှင့် ကျား/မဆိုင်ရာတန်းတူညီမျှရေး ထည့်သွင်းဆွေးနွေးထားခြင်း မရှိကြောင်း AGIPP အဖွဲ့က သုံးသပ်ထားသည်။

    မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် မိလေးမွန် က “ ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံမှာ အမျိုးသမီးပါဝင် တက်ရောက်မှု ၁၀ ရာနှုန်းလောက်ရှိမယ်လို့ မြင်တယ်၊ မွန်မှာဆိုရင် အမျိုးသမီးတက်ရောက်တာ အရမ်းနည်းတယ်” ဟုပြောသည်။

    AGIPP အနေဖြင့် နောင်လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးမှုအဆင့်အတိုင်းတွင် အမျိုးသမီးများပါဝင်မှု အနည်းဆုံး ၃၀ ရာနှုန်းသေချာစေရန်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက်မူဝါဒ အဆိုပြုလွှာများကို ပြင်ဆင်ရာတွင် ကျား၊ မ ရှုထောင့်မှထည့်သွင်စဉ်းစားပေးရန်၊ အမျိုးသမီးအခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော မူဝါဒ အဆိုပြုလွှာများကိုပြင်ဆင်ရန်၊ ရေရှည်တည်တံသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်ရေးဖြစ်စဉ်တစ်ခုလုံးကို ကျား၊မ ရေးရာဂျန်ဒါဆန်းစစ်မှုများ အဆင့်တိုင်းတွင်ပြုလုပ်ရန်၊ ရှေ့ဆက်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ပင်လုံအစည်းအဝေးတွင် ကျား၊မ ပါဝင်မှုနှုန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များ နှင့် ဆွေးနွေးသည့်အချက်များကို လက်လှမ်းမှီရရှိစေရန် ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးရန် စသည့်အချက်များဖြင့် အကြံပြုခဲ့သည်။

    အလားတူ ဒုတိယအကြိမ်ပင်လုံညီလာခံတွင် အဆိုတင်သွင်းသောမူဝါဒ (၄၅) ချက်အနက် ပြည်ထောင်စုသဘောတူစာချုပ် Union Accord ရေးထိုးသည့် မူဝါဒ (၃၇) ချက်တွင် အမျိုးသမီးအရေး နှင့် ကျား၊ မတန်းတူညီမျှရေးကို တိုက်ရိုက်ထည့်သွင်းစဉ်းစားသော မူ (၃) ချက် နှင့် သွယ်ဝိုက်ထည့်သွင်းစဉ်းစားသောမူ (၄) ချက် စုစုပေါင်း (၇) ချက်ကို လူမှုရေးကဏ္ဍမူဝါဒ နှင့် မြေယာ နှင့် သဘာဝပတ်ဝန်းကျင်မူဝါဒတို့တွင် တွေ့ရှိရသည်ဟု သုံးသပ်ထားသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ပင်လုံ ဒုတိယအစည်းအဝေးတွင် AGIPP ၏ မိတ်ဖက်အဖွဲ့ဝင်များသည် သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းကိုယ်စားပြုကာ ညီလာခံတက်ရောက်သူအနေဖြင့် (၁) ဦး၊ အကျိုးဆောင် အနေဖြင့် (၁) ဦး၊ ပါဝင်ခွင့်ရရှိခဲ့ပြီး CSO Forum မှလေ့လာသူအနေဖြင့် AGIPP အဖွဲ့ဝင် (၂) ဦး တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

    ညီလာခံတက်ရောက်သူ အမျိုးသမီးတစ်ဦးက ယခုကျင်းပသည့်ငြိမ်းချမ်းရေညီလာခံ အမျိုးသမီးအရေးဆွေးနွေးသည့် ညီလာခံမဟုတ်ကြောင်း ပြောကြားခဲ့သည်။

    တက်ရောက်သူ ၉၁၀ ဦးအနက် အမျိုးသမီး ၁၅၄ ဦး၊ အမျိုးသား ၇၅၆ ဦး အမျိုးသမီးပါဝင်မှု ၁၇% ရှိသည်ဟု ညီလာခံသို့ တက်ရောက်စာရင်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts