ရေးမြို့နယ်၊ ကလော့ကျေးရွာမှ အသက် ၃ နှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်တစ်ဦး မုဒိန်းကျင့်ခံရမှုတွင် ပစ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူတစ်ဦးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ လူ (၄) ဦး စုစုပေါင်း (၅) ဦးတို့ မေ လ (၂၇) ရက်နေ့၌ ရေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံရကြောင်း သိရသည်။
အဆိုပါမိန်းကလေးငယ်အား ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့က မုဒိန်းကျင့်ခံရသည်ဟု ၎င်း၏ အဒေါ်တော်စပ် သူ မ— မှ ကျေးရွာအုပ်ချုပ်ရေးမှုးအိမ်သို့ သွားရောက်တိုင်ကြားခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦးတို့က ထို အမှုကို တရားရုံးသို့ မတိုင်ကြားရန် တားဆီးခြင်း၊ တိုင်ကြားပါက တိုင်ကြားသူနှင့် ကလေးမိဘများအတွက် အသက် အန္တာရာယ်ရှိနိုင်ကြောင်း ခြိမ်းခြောက်ခြင်းနှင့် နစ်နာကြေးအဖြစ် တရားခံ မောင်ထူးဘက်မှ ငွေကျပ် (၁၀) သိန်းကို ပေးလျော်စေခြင်းကြောင့် ၎င်းကလေးငယ်၏ အဒေါ်ဖြစ်သူ မ—မှ တရားလိုလုပ်ကာ အမှုတိုင် ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေးမြို့မရဲစခန်းမှ ဒုရဲမှုးစိုးမွန်က “လက်ရှိမှာ အဓိက တိုင်ကြားထားတဲ့ တရားခံတစ်ယောက်ကိုတော့ ကျွန်တော် တို့ ဖမ်းထားတယ်၊ သူနဲ့ဆက်စပ်ပြီး ကျန်တဲ့ အုပ်ချုပ်ရေးအဖွဲ့က လူ (၄) ယောက်က သူတို့ရဲ့ သက်ဆိုင်ရာ ဌာန တွေမှာ ကျွန်တော်တို့ စာတင်ထားတုန်းပါ” ဟု မေလ (၂၈) ရက်နေ့က ပြောသည်။
အမှုဖွင့်တိုင်ကြားခြင်းခံရသည့် အုပ်ချုပ်ရေးအဖွဲ့သည် ဝန်ထမ်းဖြစ်နေခြင်းကြောင့် ချက်ချင်းခေါ်ယူစစ်ဆေး၍ မရ ကြောင်း၊ ၎င်းတို့ တင်ထားသော ခွင့်ပြုစာရမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
ရေးမြို့နယ်အုပ်ချုပ်ရေးမှုး ဦးတင်ညွန့်က “ဒီအုပ်ချုပ်ရေးအဖွဲ့နှင့် စာရေးမတို့က တကယ်တော့ သူတို့အနေထားနဲ့ ဒီကိစ္စထဲမှာ ပါနေတာ မဟုတ်ဘူး။ သက်သက်လာတိုင်တဲ့သူက သူတို့ကို ကြံရာပါဆိုပြီးတော့ စွပ်စွဲပြီးတိုင် တာ လေ။ အဖြေမှန်ကတော့ ဒီအမှုစစ် ဆေးပြီတဲ့ အခါကျရင် သိမှာပေါ့လေ၊ တိုင်တာက တိုင်ခွင့်ရှိပါတယ်” ဟု မေလ ၃၁ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။
အုပ်ချုပ်ရေးအဖွဲ့ကို လာရောက်တိုင်တန်းထားမှု ရှိခြင်းကြောင့် ခွင့်ပြုစာကို ခရိုင်သို့ ဆက်လက်တင်ထား ကြောင်း၊ ယနေ့ထိ ၄င်းခွင့်ပြုစာက မကျလာသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မွန်ပြည်နယ်အခြေစိုက် အမျိုးသမီးစွမ်းဆောင်ရည် မြှင့်တင်ရေးအဖွဲ့မှ ဒေါ်ချယ်ရီစိုးက “ကျွန်မတို့ကတော့ ဒီအမှုကို ခရိုင်တရားရုံးကို တင်ဖို့ အုပ်ချုပ်ရေးမှူးတို့နဲ့ ရဲတို့ကို ပြောထားတယ်။ ပြီးတော့ ဒီခရိုင်တရားရုံး ရောက်ရင် ကလေးကို ကျမတို့ရဲ့ (Save House) မှာ ထားဖို့ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် ကလေးငယ်ကို ရဲများ စစ်ဆေးနေဆဲဖြစ်၍ ရေးမြို့ဆေးရုံးတွင် ကုသနေရပြီး ဆေးကုန်ကျစရိတ် များကို ၎င်းတို့အဖွဲ့မှ ကူညီပေးနေကြောင်း၊ ကလေးငယ်သည် ၎င်းတို့ထံရာက်ချိန်မှာ (၁၀) ရက်ကျော်ပြီးဖြစ်ကာ ကာကွယ်ဆေးများနှင့် ကုသရန်အတွက် နောက်ကျခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှာ လွန်ခဲ့သည့် မေလ (၁၅) ရက်နေ့ ညနေ (၅) နာရီခန့်တွင် မိန်းကလေးငယ် မ—ကို ၎င်း၏ အဒေါ် တော်စပ်သူ မ—၏ နေအိမ်မှ ယခင်က ခင်မင်ရင်နှီးရသူ မောင်ထူးမှ ချီယူခေါ်ဆောင်သွားကြောင်း၊ မိနစ် (၃၀) ခန့် အကြာတွင် မောင်ထူးမှ ငိုနေသော အဆိုပါကလေးငယ်ကို အဒေါ်တော်စပ်သူ မ—၏ နေအိမ်သို့ ပြန်လည်ပို့ပေးခဲ့ကြောင်း၊ ထိုနောက် အဒေါ်တော်စပ်သူ မ— မှ ငိုနေသော ကလေးကို ချော့မော့မေးမြန်းရာ ကလေးငယ်က ၎င်းကို မောင်ထူးမှ နေအိမ်အနောက်ဘက်ရှိ ဦးဒစ်၏ ရောဘာခြံတွင် မုဒိန်းကျင့်ခဲ့ကြောင်း ၎င်း၏ အဒေါ်ဖြစ်သူအား ပြောပြခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် တိုင်ကြားခံရသည့် လူ (၅) ဦးအပေါ် ရေးမြို့မရဲစခန်းမှ ပုဒ်မ (ပ) ၁၅၁/ ၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ- ၃၇၆/၅၀၆/၂၀၂ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။