Homeမွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေးမုတ္တမကမ်းရိုးတန်းဒေသကို ရေတိန်ဒေသ Ramsar site သတ်မှတ်

မုတ္တမကမ်းရိုးတန်းဒေသကို ရေတိန်ဒေသ Ramsar site သတ်မှတ်

-

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အတွင်း ဧရိယာ ၅၃၅၁၀ ဧကရှိသည့် မုတ္တမကမ်းရိုးတန်းဒေသကို ဆွစ်ဇာလန်နိုင်ငံ Ramsar Convention က မြန်မာနိုင်ငံရေတိန်ဒေသ Ramsar site အဖြစ် အသိအမှတ်ပြုလိုက်သည်။

ကျိုက်ထိုမြို့နယ်၊ စွပ္ပနူးကျေးရွာတွင် မေ (၃၀) ရက်နေ့က ရေတိန်ဒေသ Ramsar site အသိမှတ်ပြုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်များ၊ သစ်တော်ဦးစီးဌာ၊ HELVETAS Myanmar, NAG, JUCN,BANCA အဖွဲ့နှင့် ဒေသခံ (၆၀ဝ) ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ်(MNA)

မွန်ပြည်နယ်ဝန်ကြီးချုပ်က “မုတ္တမပင်လယ်ကွေ့ဒေသအနေဖြင့်လည်း ယနေ့ကမ္ဘာဒေသများ နည်းတူ ခြိမ်းခြောက်မှုတွေနဲ့ကြုံတွေနေရပါတယ်။ အဲဒါတွေကတော့ တရားမဝင်ငါးဖမ်းပိုက်ကွက်စိတ်များနဲ့ တရားမဝင်ငါးဖမ်းနည်း အသုံးပြုမှု၊ အလွန်အကျွံထုတ်ယူသုံးစွဲမှုကြောင့် ဒေသတွင် ငါးသယံဇာတများ လျင်မြန် စွာလျော့ကျခြင်း၊ ဒေသငါးထုတ်လုပ်မှုလျော့ကျလာမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာခြင်း၊ သောင်ထွန်းခြင်း၊ ရေကြောင်းပြောင်းလဲခြင်းကြောင့် ကမ်းပြိုခြင်းနှင့် လယ်ယာမြေ၊ အိမ်မြေ ဆုံးရှုံးမှုများရင်ဆိုင်ကြုံတွေ့နေ ရခြင်းများ ဖြစ်ပေါ်နေတယ်” ဟု ဆိုသည်။

အဆိုပါကိစ္စအား အချိန်မှီအရေးယူကိုင်တွယ်ဖြေရှင်းခြင်းမပြုနိုင်ရင် ဒေသ၏ငါးဖမ်းရရှိနိုင်မှု အမြန်ဆုံးကျဆင်း လာမည်ဖြစ်သောကြောင့် ဝိုင်းဝန်းပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောသည်။

“ကျနော်တို့ Management Plan ဆွဲပြီးတော့ ငါးတွေကို လက်လွတ်စလွယ် စည်မဲ့ကမ်းမဲ့ဖမ်းတဲ့စနစ်တွေကို လျော့ချပြီးတော့ စနစ်တကျဖမ်းတဲ့ အလေ့အထတွေကို ကျနော်တို့ဖန်တီးပေးရမယ်” ဟု မုတ္တမ ပင်လယ်ကွေ့ကမ်းရိုးတန်းစီမံကိန်း ပေါင်းစုလုပ်အားကူညီပေးရေး စီမံကိန်းအရာရှိ ကိုသန့်ဇင်ဖြိုးက ဆိုသည်။

ဒေသခံတွေအနေနဲ့ သယံဇာတကိုချစ်မြတ်နိုးရန်နှင့် သယံဇာတကိုရေရှည်တည်မြဲဖို့ထိန်းသိမ်းတက်ရန်အ တွက်ကို ဒေသခံများပါဝင်လာစေရန် ၂ နှစ်ခန့် အချိန်ယူကာ ကြိုးစားခဲ့ကြေင်း ကိုသန့်ဇင်ဖြိုးက ဆက်ပြော သည်။

စွပ္ပနူးဒေသခံ ဦးလှရွှေက “အခုလိုသတ်မှတ်တော့ အများကြီးလဲဝမ်းသာတာပေါ့နော်။ ကျနော်တို့ဒေသမှာဆိုရင် အရင်တုန်းက ငါးသလောက်တွေပေါတဲ့နေရာပေါ့။ အခုတော့ မရှိသလောက်ကိုရှားသွားပြီး။ ထိန်းသိမ်းဖို့လည်း လိုအပ်နေပြီး” ဟု ဆိုသည်။

မုတ္တမကမ်းရိုးတန်းရေတိန်ဒေသ Ramsar site ဧရိယာတွင် ကျိုက်ထိုမြို့နယ်၌ ကော့ထင်းကျေးရွာအုပ်စု၊ မုံရွာကြီးကျေးရွာအုပ်စု၊ ကျိုက်ကသာကျေးရွာအုပ်စု၊ စွပ္ပနူးကျေးရွာအုပ်စုတို့ပါဝင်ကြပြီး ဘီးလင်းမြို့နယ်၌ ဝင်းကကျေးရွာအုပ်စု၊ ပေါက်တောကျေးရွာအုပ်စု၊ အရက်သည်မကျေးရွာအုပ်စု၊ တောင်ကြီးကျေးရွာအုပ်စု၊ စုတ်ကလိကျေးရွာအုပ်စုတို့ ပါဝင်သည်။

ထို့အတူ မုတ္တမကမ်းရိုးတန်းတစ်လျှောက်နှင့် ဆက်စပ်နေသည့် မွန်ပြည်နယ်၊ ပဲခူး၊ ရန်ကုန်တိုင်းအတွင်းရှိ ရေသယံဇာတများ လေ့လာခြင်း၊ ဒီရေတောများ၊ ရှားပါးငှက်မျိုးစိတ်များ လေ့လာခြင်းကို ၂၀၁၅ ခုနှစ်မှ (၁၀) နှစ်စီမံကိန်းသတ်မှတ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွစ်ဇာလန်အစိုးရ၏ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် ရေတိမ်ဒေသအဖြစ် ၂၀ဝ၄ ခုနှစ်က ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်း၊ ၂၀၁၅ ခုနှစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးကန်တို့ သတ်မှတ်ခံခဲ့ရပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts