မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းရှိ ရိုးရာလက်မှုပညာတစ်ခုဖြစ်သော ရွံမြေကိုအသုံးပြုကာ မြေအိုးခွက်လုပ်ကိုင်သူလုပ်သားများမရှိသလောက်နည်းပါးလာခြင်းနှင့်အတူ မြေအိုးလုပ်သည့်ပညာကို လက်ဆင့်ကမ်းရန် လူငယ်များ စိတ်မဝင်စားကြောင်း အိုးလုပ်ငန်းလုပ်ကိုင်နေသူ ကိုဟန်ဝင်းက ပြောသည်။
“အလုပ်သမားလည်းမရှိတော့ဘူး။ အလုပ်သမားမရှိတော့ လူငယ်တွေကလည်း အိုးလုပ်ငန်းကို စိတ်မဝင်းစားတော့ဘူးပေါ့၊ အပြင်လောကကိုပဲ စိတ်ဝင်းစားကြတယ်”ဟု ၎င်းက ပြောသည်။
မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ အိုးရုံလမ်းတွင် မြေအိုး၊ခွက်လုပ်ကိုင်သူ ယခင်ကများခဲ့သော်လည်း ယနေ့ထက်တိုင် အိုးရုံစုရပ်ဟုအမည်တွင်လျှက်ရှိပြီး ယခုတွင် အိုးရုံ၊ အိုးဖိုအနည်းစု သာကျန်ရှိနေသည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“နောင်လာနောက်သားလူငယ်တွေက ထပ်မထွန်းတာက သူတို့လည်း အပြင်လောကအလုပ်တွေကိုပဲ စိတ်ဝင်းစားကြတယ်။ အချို့တွေက ရှမ်းပြည်သွားမယ်၊ ထိုင်းသွားမယ်၊ ယိုးဒယားသွားမယ်၊ အပြင်လောကကိုပဲ စိတ်ဝင်းစားကြတယ်”ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူ ဦးစံချိုက ပြောကြားသည်။
ထို့ပြင် ပလတ်စတစ်အိုးများထွက်ရှိလာသည့်အတွက် ရိုရာမြေအိုးများလည်း အရောင်းအဝယ်ကျဆင်း လာပြီးဖြစ်ကာ မြေအိုးပြုလုပ်ရာတွင်လည်း ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်နေသောကြောင့် အချို့အိုးရုံများက တွက်ခြေမကိုက်သည့်အတွက် ရုံပိတ်လိုက်ရသည့်အဖြစ်များလည်း ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ပလပ်စတစ်ပစ္စည်းတွေပေါတော့ ပလပ်စတစ်ပစ္စည်းတွေပဲ ဝယ်သုံးကြတော့တယ်။ မြေအိုးတွေ အရောင်အဝယ်ထိုင်းသွားတော့ ဆင်းအိုးကြီးတွေက တစ်ရုံနှစ်ရုံလောက်ပဲ လုပ်တော့တယ်။ ကျွန်တော်တို့ဆို မလုပ်တော့ဘူး။ ကျွန်တော်တို့က ပန်းအိုးတွေ အသေးအကြီးပဲလုပ်တော့တယ်”ဟု အသက် ၈၀ အရွယ်ရှိ အိုးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်ရှိ ရိုရာမြေအိုးလုပ်ငန်းပညာများကို လက်ဆင့်ကမ်းရန် လူငယ်များစိတ်ဝင်သည့်အတွက် ရိုရာမြေအိုးလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးအခြေအနေသို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သိရသည်။
သို့သော် ထိုင်းနိုင်ငံ ဘန်ကောက်အနီးရှိ မွန်ကျေးရွာအချို့တွင် ခေတ်မီဒီဇိုင်းပုံစံများဖြင့် မွန်ရိုးရာအိုးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်လျက်ရှိသည်။