spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းညီလာခံတွင် နိုင်ငံရေးပါတီများကိုယ်စား လက်မှတ်ရေးထိုးမှုသည် မွန်အမျိုးသားပါတီကို ကိုယ်စားမပြု

    ညီလာခံတွင် နိုင်ငံရေးပါတီများကိုယ်စား လက်မှတ်ရေးထိုးမှုသည် မွန်အမျိုးသားပါတီကို ကိုယ်စားမပြု

    -

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးပါတီများ ကိုယ်စားလက်မှတ်ရေးထိုးမည့်သူကို ကြိုတင်သဘောထားကောက်ခံ မေးမြန်းခြင်းမရှိခဲ့သည့်အတွက် မွန်အမျိုးသားပါတီ (MNP)ကို ကိုယ်စားပြုသည်ဟု မမှတ်ယူကြောင်း အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

    “နိုင်ငံရေးပါတီများအစုအဖွဲ့မှာ ဒီပြည်ထောင်စုသဘောတူညီချက်ကို ဘယ်သူလက်မှတ်ရေးထိုးမယ် မထိုးဘူးဆိုတာကို သဘောထားရယူခဲ့ကြတာ မရှိဘူး၊ နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စားဆိုပြီး ပါတီတစ်ခုကနေ လက်မှတ်ရေးထိုးလိုက်တာကို ကျနော်တို့ပါတီကိုယ်စားမပြုဘူးလို့ ပြောချင်တယ်” ဟု ၎င်းကဆိုသည်။

    အစိုးရနှင့်လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့ ၃ ဖွဲ့၏ သဘောထားများအား ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) သို့တင်ပြနိုင်ခဲ့သော်လည်း အချိန်လုံလောက်ခြင်းမရှိသဖြင့် နိုင်ငံရေးပါတီများ၏ သဘောထားများ စုစည်းတင်ပြမှုမပြုလုပ်နိုင်ခဲ့ဟု ၎င်းကဆက်ပြောသည်။

    “လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေကို တစ်ပြည်လုံးအတိုင်းအတာမကျင်းပနိုင်သေးဘူး၊ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ပဲပါပြီး ၁၃ ဖွဲ့ကျန်သေးတယ်၊ အားလုံးကိုလွှမ်းခြုံနိုင်ခြင်းမရှိသေးတဲ့အတွက် သဘောထား စုစည်းချက်အဖြစ်ပဲထားသင့်ပြီး လူစုံတဲ့ရှေ့ညီလာခံတွေမှာ ရေးထိုးသင့်တယ်လို့ မြင်တယ်” ဟု နိုင်လယီတမက ပြောသည်။

    ငြိမ်းချမ်းရေးညီလာခံကျင်းပသည့် ပုံစံနှင့်ပတ်သက်၍(UPDJC) ရှင်းလင်းချက်တွင် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်က အစုအဖွဲ့တစ်ခု၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက အစုအဖွဲ့တစ်ခုနှင့် နိုင်ငံရေးပါတီများက အစုအဖွဲ့တစ်ခုခွဲပြီး ကဏ္ဍကြီး ၅ ခုကိုဆွေးနွေးသွားမည်ဟု UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း ညီလာခံဖွင့်ပွဲတွင်ပြောကြာခဲ့သော်လည်း အစိုးရနှင့် လွှတ်တော်က အစုအဖွဲ့တစ်ခု၊ တပ်မတော်က အစုအဖွဲ့တစ်ခုပုံစံဖြင့် ကျင်းပခဲ့သည်ကို တွေ့ရသည်။

    ညီလာခံတက်ရောက်နေသူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကိုယ်စားလှယ် နိုင်ကျန်ရစ်က “နိုင်ငံရေးကဏ္ဍမှာတော့ သိပ်ပြီးကျေနပ်မှုမရှိကြဘူး၊ Union Accord ကို ဘယ်ပါတီက ဘယ်လိုထိုးကြရမလဲဆိုတာကိုလည်း မသိခဲ့ရဘူး၊ အခုကျင်းပတဲ့ညီလာခံမှာ ပွင့်လင်းမြင်သာမရှိခဲ့ရင် နောက်ညီလာခံတွေကျရင် အခက်အခဲကြုံတွေ့နိုင်တယ်” ဟု ညီလာခံနောက်ဆုံးနေ့ မူဝါဒများအား အတည်ပြုခြင်းအခမ်းအနားမကျင်းပမီတွင် ပြောသည်။

    မေလ ၂၉ ရက်နေ့က ကျင်းပသောပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနောက်ဆုံးရက် မူဝါဒများအား အတည်ပြုခြင်းအခမ်းအနားတွင် နိုင်ငံရေးပါတီအစုအဖွဲ့ကိုယ်စား ဦးသုဝေ၊ တပ်မတော်အစုအဖွဲ့ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ အစိုးရကိုယ်စား ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်ကိုယ်စား ဦးထွန်းထွန်းဟိန်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စား ဗဒိုစောကွယ်ထူးဝင်းတို့က နိုင်ငံရေးကဏ္ဍ ၁၂ ချက်၊ စီးပွားရေးကဏ္ဍ ၁၁ ချက်၊ လူမှုရေးကဏ္ဍ ၄ ချက်၊ မြေယာနှင့်သယံဇာတကဏ္ဍ ၁၀ ချက် စုစုပေါင်းမူဝါဒ ၃၇ ချက်အား ပြည်ထောင်စုသဘောတူညီချက် Union Accord လက်မှတ်ရေးထိုးခဲ့ကြ သည်။

    ၂၁ရာစု ပင်လုံ၊ဒုတိယအစည်းအဝေး နောက်ဆုံးနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာကြီးက ကျွန်မတို့နိုင်ငံကို စောင့်နေမှာမဟုတ်ပါဘူး။ နိုင်ငံတကာ တိုးတက်ပြောင်းလဲမှုတွေက ကျွန်မတို့ ပြည်ထောင်စုရဲ့ မျိုးဆက်သစ်တွေကို စောင့်ဆိုင်းငဲ့ညာနေမှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဒီကနေ့ စိုက်ပျိုးသမျှ နောင်လာနောက်သားတွေ အသီးအပွင့် ခံစားကြရမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မေလ၂၄ ရက်နေ့မှ ၅ ရက်ကြာကျင်းပမည်ဟု သတ်မှတ်လျာထားခဲ့သော်လည်း အရေးကြီးသည့်အချက်အလက်များအား အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီး သဘောတူညီမှုမရရှိသည့်အပြင် ညီလာခံအား နောက်တစ်ရက်တိုး ကျင်းပလိုက်ရခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks