spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းယခုပင်လုံအစည်းအဝေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုမူ သဘောတူညီမှု မရ

    ယခုပင်လုံအစည်းအဝေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုမူ သဘောတူညီမှု မရ

    -

    ကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ ဆွေးနွေးလျှက်ရှိသည့် နိုင်ငံရေးကဏ္ဍမှ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဖက်ဒရယ်ပြည်ထောင်စုမူကို မေလ၂၈ရက်တွင် အကြိတ်အနယ်ဆွေး နွေးခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် နောင်ကျင်းပမည့် ညီလာခံသို့ ရွှေ့ဆိုင်းလိုက်ရကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်ဦးဇော်ဌေး မှ သိရ သည်။

    “ခွဲမထွက်ရေးမူကို ကျနော်တို့ယူပါတယ်။ တဖက်မှာလည်းပြည်နယ်တွေရဲ့ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်း ခွင့်တို့နဲ့ ချိတ်ထားပါတယ်။ ဆွေးနွေးတဲ့အခါမှာခွဲမထွက်ရေးကို သဘောတူမှဟိုအချက်တွေ (တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်)တွေလာမှာပါ။ သဘောတူညီမှုမရတဲ့အတွက် ကျန်တဲ့ အချက်ကိုလည်း ဒီညီလာခံမှာ ချန်ခဲ့ရပါတယ်။ စိတ်မကောင်းပါဘူး” ဟု ၄င်းက ဆိုသည်။

    မေ ၂၈ ရက်နေ့ UPDJC အစည်းဝေး(MNA)

    လက်ရှိဆွေးနွေးခဲ့သည့် သဘောတူညီချက်၁၂ ချက်တွင် မျှော်လင့်ခဲ့သည့် ရလဒ်ကောင်းများ နည်းပါးကြောင်း၊ပြည်ထောင်စုမှ ခွဲထွက်ခွင့် မရှိစေရဆိုသည့်အချက်နှင့် ပတ်သက်၍ တိုင်းရင်းသားလက် နက်ကိုင်များဘက်မှ မထည့်သွင်းလိုခြင်းဖြစ်ကြောင့် ယခုအစည်းအဝေးဆုံးဖြတ်ချက်တွင် ချန်ခဲ့ရန် ဆုံးဖြတ်ခဲ့ရသည်ဟု ဦးဇော်ဌေးက မေလ ၂၈ရက် UPDJC အစည်းအဝေးအပြီးတွင် သတင်းထောက်များသို့ ပြောသည်။

    မွန်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူးနိုင်လယီတမက “နိုင်ငံရေးဆိုင်ရာမူဝါဒများအဆိုပြုလွှာ တွင်အဓိကကျတဲ့“နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှသည်နိုင်ငံတော်မှမည်သည့်အခါမှခွဲမထွက်ရ” ဆိုတဲ့အချက်ကို တိုင်းရင်းသားတွေက လက်မခံနိုင်တော့ ဖက်ဒရယ်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုလည်း အစိုးရဘက်က ထောက်ပြလာတာပေါ့”ဟု ဆိုသည်။

    နိုင်ငံရေးကဏ္ဍတွင် အဓိကမကျသည့် အများသဘောတူလက်ခံပြီးသည့် အချက်၁၂ချက်ကိုပဲ သဘော တူညီနိုင်ခဲ့ပြီး အကြိတ်အနယ်ဆွေးနွေးခဲ့ရသည့် အရေးကြီးသည့် အချက်ကိုမူ နောင်ကျင်းပမည့် ၂၁ရာစုပင်လုံ ညီလာခံတတိယအကြိမ်အစည်းအဝေးမှာသာ ဆက်လက်ဆွေးနွေးရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။

    UPDJC အတွင်းရေးမှူးအဖွဲ့ဝင်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှဒေါ်စောမြရာဇာလင်းက ‘’ပြည်ထောင်စုနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို တိုင်းရင်းသားတွေက လက်မှတ်ရေးထိုးခဲ့ကြပြီဆိုရင် ဒီခွဲထွက်ရေးစာသားတွေကို မလိုအပ်တော့ဘူး။တိုင်းရင်းသားတွေဘက်ကတော့ မလိုအပ်တဲ့စာသားကို ဘာလို့ ထည့်သွင်းရတာလဲ။ အစိုးရဘက်ကလည်းကိုယ်ပိုင်ပြဌာန်းခွင့် Self Determination ကိုပေးလိုက် ရင်ခွဲထွက်မှာ ကို စိုးရိမ်ပူပန်မှုတွေရှိနေတယ်။အဲဒီနှစ်ချက်အပေါ်မှာ အခက်အခဲတွေဖြစ်နေကြတယ်” ဟု ဆိုသည်။

    ထို့အတူ မေလ ၂၉ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးရက်၌ ရလဒ်များကို သဘောတူညီချက် နှင့် သဘောထားစုစည်းချက်အဖြစ်ထားရှိရန် အစိုးရနှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောကွဲလွဲနေကြကြောင်းလည်း သိရသည်။

    ၂၁ရာစုပင်လုံဒုတိယအစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွား ရေး၊လူမှုရေး၊ လုံခြုံရေး၊မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ကဏ္ဍကြီး ၅ ရပ်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ အစုအဖွဲ့ ၅ ဖွဲ့တို့ ဆွေးနွေးခဲ့ကြသည်။ ၄င်းရလဒ်များကို စုစည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးခေါ်ယူကာ နှစ်ရက် ကြာအကြိတ်အနယ်ဆွေးနွေးခဲ့ကြခြင်းကြောင့် ၂၁ရာစုပင်လုံအစည်းအဝေးကို ရက်ထပ်မံတိုးခဲ့ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks